မသန်စွမ်းသူများအတွက် သွားလာရေး လွယ်ကူစေရန် စီစဉ်နေ

မသန်စွမ်းသူများအတွက် သွားလာရေး လွယ်ကူစေရန် စီစဉ်နေ

ရန်ကုန်၊နိုဝင်ဘာ ၂၃ ။           ။ ရန်ကုန်မြို့အတွင်းရှိ မသန်စွမ်းသူများ သွားလာပို့ဆောင်ရေးလွယ်ကူအဆင်ပြေစေရန်အတွက် စီစဉ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းနဲ့ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြပြီး အဲဒီလို စီစဉ်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

" ကျွန်တော်တို့ ဒီပွဲမှာ  မသန်စွမ်းတွေသွားရေး၊လာရေးမှာ တွေ့ကြုံရတဲ့ အခက်ခဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာဖြစ်တယ်။ ပြီးတော့ သူတို့ အတွက် အဆင်ပြေဖို့ ပို့ဆောင်ရေးပိုင်းက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးကြတယ်။ " လို့ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ဦးညွှန့်အောင်က  ပြောပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း မသန်စွမ်းသူများအတွက် ယာဉ်အသုံးပြုရာတွင် တွေ့ကြုံရသော အခက် အခဲများကို လျော့ချနိုင်ရန်နှင့် အဆင်ပြေနိုင်မယ့် နည်းလမ်းများကို ရှာဖွေရန် အသေးစိတ်ကို ဆွေးနွေးခဲ့ကြ ပါတယ်။

" ဒီပွဲကို တက်ရောက်လာတဲ့  အဖွဲ့စည်းတွေဖြစ်တဲ့ မော်တော်ကားအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေကို လိုအပ်ရင် လိုအပ်သလို အသိပညာပေးတာတွေကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်" လို့ ၄င်းက ဆိုပါတယ်။

၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းဖော်ပြချက်အရ မြန်မာနိုင်ငံလူဦးရေ၏ ၄ ဒဿမ ၆ ရာခိုင်နှုန်းဟာ မသန်စွမ်းများ ဖြစ်ပြီး ၂၃ သိန်းခန့် ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲကမှ ရန်ကုန်မြို့အတွင်းက မသန်စွမ်းများရဲ့သွားလာ ပို့ဆောင်ရေး လွယ်ကူလာစေဖို့ ခုလို ဆွေးနွေးမှုများ ရှိလာကြတာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲသို့ ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆိုင်သော YBS ကိုယ်စားလှယ်များအပါအဝင် Water Bus ကကိုယ် စားလှယ်များ၊ မီးရထား၊ အငှားယာဉ်ဘက်က ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်မှ အဖွဲ့ဝင် တို့က တက်ရောက်ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly