UEC အနေဖြင့် ပါတီတချို့၏ အတွင်းရေးကိုဝင်ရောက် စွက်ဖက်နေဟု ဝေဖန်

UEC အနေဖြင့် ပါတီတချို့၏ အတွင်းရေးကိုဝင်ရောက် စွက်ဖက်နေဟု ဝေဖန်

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ။           ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ ပါတီတချို့ရဲ့အတွင်းရေးကို ဝင်ရောက် စွက်ဖက် နေတယ်လို့ နိုင်ငံရေးပါတီတွေရဲ့ခေါင်းဆောင်တချို့က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊သံလွင်လမ်းမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးမှာနိုဝင်ဘာ ၂၃ရက်က ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ သဘောထားထုတ်ပြန်ကြေငြာချက်နဲ့ပတ်သက်လို့ UEC ရဲ့အကြောင်းကြားစာကို အခုလိုဝေဖန် ခဲ့ကြတာလည်းဖြစ်ပါတယ်။ အဆိုပါ ၂၇ ပါတီရဲ့ထုတ်ပြန်စာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က ပါတီ တစ်ခု ချင်းစီရဲ့ CEC ဆုံးဖြတ်ချက်ပါ/ မပါ သိလိုကြောင်း မေးမြန်းခဲ့တယ်လို့လည်း အဲ့ဒီ့သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

“ ဒီ ၂၇ ပါတီကနေ ပါတီတစ်ခုချင်းစီရဲ့ CEC ဆုံးဖြတ်ချက် အဲ့ဒီ့ ၂၇ ပါတီ ထုတ်ပြန်ချက်မှာ ပါ/မပါပဲ လိုချင် ပါတယ်။ ဒီလိုအကြောင်းကြားစာမျိုး အဲ့ဒါကျတော့ ကြီးကြပ်တာမဟုတ်တော့ဘူး။ စွက်ဖက်တာဖြစ်လာပြီ။ အဲ့တာကြောင့် ကြီးကြပ်ခြင်းနဲ့ စွက်ဖက်ခြင်းကို ကျွန်တော်တို့ ကွဲကွဲပြားပြားသိဖို့လိုပါလိမ့်မယ်။ ပါတီ တစ်ခု ခြင်းရဲ့ လုပ်ပိုင်ခွင့်တွေကိုဝင်ရောက်စွက်ဖက်တယ်လို့ ခံစားကြရတယ်။ ၂၇ ပါတီလုံးက အဲ့လို ခံစားကြရတယ်” လို့  ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦး ကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့မေးမြန်းမှုကို ကော်မရှင်နဲ့တိုက်ရိုက်တွေ့ဆုံ ရှင်းလင်းလိုတာကြောင့် ပါတီတွေ ဘက်ကနေပြီး တွေ့ဆုံဖို့ခွင့်တောင်းစာကို ပြန်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါပေမယ့် UEC က တွေ့ဆုံခွင့် ပြု/ မပြုကိုပြန်လည်အကြောင်းကြားမလာဘဲ အဆိုပါ ၂၇ ပါတီရဲ့ထုတ်ပြန် စာမှာ ပါတီတစ်ခုချင်းစီရဲ့ CEC ဆုံးဖြတ် ချက်ပါ/ မပါ သိလိုကြောင်းကိုသာ ပါတီတွေကိုစာပြန်ခဲ့တယ်လို့လည်း မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော် ကပြောပါတယ်။

“ အဲ့တော့ တစ်ပါတီချင်းဟာ သူ့ဖွဲ့စည်းပုံသူရှိတယ်။ သူ့စည်းမျဉ်းစည်းကမ်းအတိုင်းပဲ (စာ) ပြန်ခြင်း မပြန်ခြင်းက၂၇ ပါတီမှာပါဝင်သော ပါတီတစ်ခုချင်းရဲ့ သဘောထားနဲ့ ဆန္ဒသာဖြစ်တယ်လို့ ကျွန်တော် ဖြေကြားလိုပါတယ်” လို့သူကဆက်ပြောပါတယ်။

အဆိုပါ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ၂၇ ပါတီထဲကပါတီ ၂ ခုလောက်က ပါတီတွင်းသဘောထားမတိုက် ဆိုင်မှုတချို့ကြောင့် UEC ကိုတိုင်ကြားခဲ့ရာကနေ အခုလိုဖြစ်ရပ်တွေကြုံတွေ့လာရတာလို့လည်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေကပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့သဘောထားထုတ်ပြန်ကြေငြာချက်ထဲမှာ  ဒေါ်လာစျေးမြင့်တက်မှုတွေ၊ ကုန်စျေးနူန်း မြင့်တက်မှုတွေနဲ့ပတ်သက်ပြီး လက်ရှိအစိုးရက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း လည်းရေးသားထား တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly