မန်းရွှေစက်တော်ဘုရားအနီးတွင် ဆင်စခန်းတစ်ခု တည်ဆောက်နေ

မန်းရွှေစက်တော်ဘုရားအနီးတွင် ဆင်စခန်းတစ်ခု တည်ဆောက်နေ

မကွေး၊ နိုဝင်ဘာ ၂၃ ။          ။ မကွေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပထမဆုံး ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း(ECBT) ဆင်စခန်းအား မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားအနီးရှိ ကြိုးပြင်ကာကွယ် တောတွင် ဆောက်လုပ်လျက်ရှိကြောင်း တိုင်းဒေသကြီးသယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ထံက ပြောသည်။

“ပြည်ထောင်စုဝန်ကြီးရဲ့ ခွင့်ပြုချက်ယူပြီး တိုင်းဒေသကြီးပိုင် ဘတ်ဂျက်နဲ့ဆောက်လုပ်နေတာပါ။ လာမယ့် မန်းရွှေစက်တော် ဘုရားပွဲအမှီ ဖွင့်လှစ်နိင်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ဝန်ကြီးဦးမြင့်ဇော်က ပြောသည်။

ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း(ECBT) ဆင်စခန်းအား ရွှေစက်တော်သို့သွားသည့် (၈)မိုင် လမ်းဘေး၊ မိုင်တိုင်အမှတ် (၅မိုင်၃ဖာလုံ)နှင့် (၅မိုင် ၀ ဖာလုံ)အကြား သံပုရာကိုင်းကျေးရွာအနီး မန်းချောင်း ကွေ့ ပတ်စီးဆင်းနေရာတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ဆင်စခန်းဖွင့်လှစ်နိင်ရန်အတွက် လျာထားဧရိယာတွင် မြေလွတ်မြေရိုင်း ခန့်မှန်းဧရိယာ(၁၂၀)ဧက၊ ပဒေါင်း -ပျော်ဘွယ် ကြိုးပြင်ကာကွယ်တော (၅၀)ဧကတို့ ပါဝင်ပြီး မြေလွတ်မြေရိုင်း(၆၀)ဧကခန့်အား ဆင်စခန်း အဆောက်အဦများ ဆောက်လုပ်ရန်နှင့် ဆင်စခန်းနေရာအဖြစ်သတ်မှတ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးရုံးခွဲမှ သိရသည်။

“အခု သတ်မှတ်ထားတဲ့ ဆင်စခန်းနေရာနဲ့တဆက်တည်းရှိတဲ့ မြေလွတ်မြေရိုင်း (၆၀)ဧကကို ဆင်စခန်း ဝန်းကျင်သာယာလှပရေးအတွက် နှစ်ရှည်သီးနှံပင်နဲ့ အဖိုးတန်သစ်မာပင်တွေ ထည့်သွင်းစိုက်ပျိုးမယ့် မြေနေရာ အဖြစ် ဆောင်ရွက်သွားမယ်။ ဆင်တွေအတွက်စားကျက်အဖြစ် တဆက်တည်း ပဒေါင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောထဲမှ ဧက(၇၀၀)ကို ညှိနှိုင်း တောင်းခံသွားပါမယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

လက်ရှိတွင် တစ်နိင်ငံလုံး၌ ဆင်စခန်း(၁၉)ခုရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း သစ်ထုတ်လုပ်ရေး ဆင် (၂၀၄) ကောင်ရှိသော်လည်း ဆင်စခန်း မရှိသေးကြောင်း၊ သစ်ထုတ်လုပ်ငန်းများလျော့ချထားသည့်အတွက် သစ်ထုတ် လုပ်ရေးတွင် အသုံးပြုနေသော ဆင်များကို အကျိုးရှိစွာအသုံးချနိင်ရေးအတွက် ဆင်အခြေပြု ခရီးသွားလုပ်ငန်း ဖြင့် ပြည်တွင်းပြည်ပဧည့်သည်များကို ဆွဲဆောင်နိင်ရန် ဆင်စခန်းဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“အကျိုးကျေးဇူးအနေနဲ့ ရွှေစက်တော်ဒေသမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းနဲ့ ဆင်အခြေပြု ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာမယ်ဆိုရင် တည်းခိုခတွေ ဝင်ကြေးတွေ ရမယ်။  Local Guideတွေ အလုပ်ရမယ်။  ဒေသ ထွက်ကုန်တွေ ရောင်းရမယ်။ ယဉ်ကျေးမှု အခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ၊ ဆင် အခြေပြုခရီးသွားလုပ်ငန်း (၃)ခုပြည့်စုံသွားရင် ရွှေစက်တော်ဒေသဟာ မကွေးတိုင်းဒေသကြီးရဲ့ အထင်ကရ ခရီးသွားလုပ်ငန်းဖြစ်လာမယ်” ဟု ဦးမြင့်စိန်က ဆက်ပြောသည်။

ယခုဆင်စခန်းဆောက်လုပ်နေသည့်နေရာသည် မန်းချောင်းနှင့် သဘာဝသစ်တောများစိမ်းလန်းစိုပြေလျက်ရှိပြီး ပြည်တွင်းပြည်ပခရီးသွားများ အခြေပြုတည်းခိုနိုင်ရန်နှင့် အပန်းဖြေနိင်ရန်အတွက် အပန်းဖြေစခန်းများ ဆောက် လုပ်နိင်ပါက လာရောက်လည်ပတ်လေ့လာသူများ ညအိပ်နိင်ပြီး ရွှေစက်တော်ဘေးမဲ့တောတွင်ရှိသည့် မြန်မာ့ ကြယ်လိပ်များ၊ ရွှေသမင်များအား အချိန်ယူလေ့လာနိင်မည်ဖြစ်သည်။

အဆိုပါ ဆင်စခန်းအား ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီ(၁၃)ရက်နေ့တွင် ဖွင့်လှစ်နိင်ရန်လျာထားပြီး ဆင်စခန်းသည် မကွေးတိုင်းဒေသကြီး၏ အထင်ကရ ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်လာနိင်ရန်အတွက် ရည်ရွယ်ထားကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly