မလေးရှားကို အနိုင်ကစားပြီး သမိုင်းအသစ်ရေးထိုးမယ့် မြန်မာအသင်း

By မျိုးထွန်းနိုင်
23 November 2018
မလေးရှားကို အနိုင်ကစားပြီး သမိုင်းအသစ်ရေးထိုးမယ့် မြန်မာအသင်း
 ဓာတ်ပုံ- Myanmar Football Federation

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ။          ။ ဆူဇူကီးဖလားအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မလေးရှားအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရအောင် ကစားပြီး သမိုင်းအသစ်ရေးထိုးသွားမယ်လို့ မြန်မာအသင်းရဲ့ ကွင်းလယ်ကစားသမား ရဲရင့်အောင်က ဆိုပါတယ်။

မလေးရှားအသင်းနဲ့မြန်မာအသင်းတို့ဟာ ဆူဇူကီးဖလား အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ နှစ်ဖက်အသင်းက နည်းပြနဲ့ ကစားသမားတွေက ပြုလုပ်ခဲ့ကြပါတယ်။

“နည်းပြကြီးရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်တော်တို့ အကောင်းဆုံးကစားပြီး နိုင်ပွဲရအောင်ယူပါမယ်။ ကျွန်တော် တို့အတွက် သမိုင်းမှတ်တမ်းသစ် ရေးထိုးပါမယ်။ပြိုင်ဘက်ပရိသတ်တွေ အများကြီးလာအားပေးမှာဆိုပေမယ့် ကျွန်တော်တို့မှာ ဒီအတွက်နဲ့ ဖိအားမရှိပါဘူး။ သူတို့ဘာသာ စကားလည်း နားလည်တာ မဟုတ်တော့ အခက် အခဲ မရှိပါဘူး။ နိုင်ပွဲရအောင် အကောင်းဆုံး ကြိုးစား ကစားသွားမှာပါ"လို့ မြန်မာအသင်းရဲ့ကွင်းလယ်လူ ရဲရင့်အောင်က ဆိုပါတယ်။

AFF Suzuki Cup 2018 ပွဲစဉ်ဖြစ်တဲ့ မလေးရှားနှင့် မြန်မာတို့ရဲ့ပွဲစဉ်ကို လာရောက်ကြည့်ရှုကြမည့် မြန်မာ ပရိသတ်တွေအတွက် လက်မှတ် ၅၀၀၀ ရောင်းချပေးသွားမယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ မြန်မာပရိ သတ် ၃၀၀၀ ခန့်လာရောက်အားပေးမယ်လို့ မလေးရှားဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဆိုပါ ပွဲစဉ်အတွက် မလေးရှားပရိသတ် လေးသောင်းတစ်ထောင်ကျော်က လက်မှတ်ဝယ်ယူ ထားကြပြီး ခန့်မှန်းဦးရေ ၆၀၀၀၀ ကျော်မှ ၇၀၀၀၀ ကျော်အထိလာကြည့်နိုင်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

“မလေးရှား ပရိသတ်တွေ ကွင်းအပြည့်အားပေးကြမှာ ဖြစ်တဲ့အတွက်လည်း ကျွန်တော်တို့မှာ ဖိအားရှိ မနေ ပါဘူး။ ဘောလုံးပွဲတစ်ပွဲမှာ ပရိသတ်အများကြီးရှေ့မှောက် ကစားရတာ ကျွန်တော်တို့အတွက် ပိုကောင်း ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ ကစားသမားတွေကို စိတ်ဓာတ်ခွန်အား အမြင့်ဆုံးဖြစ်အောင်ရော ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ရော ကြိုးစားထားပါတယ်။ မနက်ဖြန်မှာ ရလဒ်ကောင်း ရရှိဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ”လို့ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ဆိုပါတယ်။

မလေးရှားအသင်းနဲ့ မြန်မာအသင်းတို့ရဲ့ ဆူဇူကီးဖလားပွဲစဉ်နဲ့ပတ်သက်ပြီး မလေးရှားအသင်းရဲ့ နည်းပြဖြစ်တဲ့ တန်ချန်ဟိုးက အနိုင်၃ မှတ်ရရှိအောင် ကစားသွားမယ်လို့ ဆိုထားပါတယ်။

မြန်မာအသင်းဟာ အုပ်စုB မှာ ဗီယက်နမ်အသင်းနဲ့ ရမှတ်တူ ၇ မှတ်ဖြစ်နေသော်လည်း ဂိုးကွာခြားချက်အရ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မလေးရှားအသင်းကို သရေကစားနိုင်ရုံနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly