ကိုယ့်ကိုယ်ကို အထင်ကြီးတတ်တဲ့ လူတွေကို သရော်ထားတဲ့ ရည်မိုးအောင် ရဲ့ ပြားကိုးဆယ် တေးစီးရီးမိတ်ဆက်

ကိုယ့်ကိုယ်ကို အထင်ကြီးတတ်တဲ့ လူတွေကို သရော်ထားတဲ့ ရည်မိုးအောင် ရဲ့ ပြားကိုးဆယ် တေးစီးရီးမိတ်ဆက်

ရန်ကုန်   နိုဝင်ဘာ  ၂၃ ။          ။ တေးသံရှင် ရည်မိုးအောင် Y.M.Aရဲ့ အပြင်းစား ရော့ခ်သီချင်းတွေပါဝင်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတတ်တဲ့ လူတွေကို သရော်ထားတဲ့ ပြားကိုးဆယ်လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို မိတ်ဆက် လိုက်ပါတယ်။

အဆိုပါ တေးစီးရီး မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ပြားကိုးဆယ် ဆိုတဲ့ သီချင်းလေးကို စီးရီးခေါင်းစဉ်အဖြစ် အမည်ပေးဖြစ်ခဲ့ပုံကို တေးသံရှင် ရည်မိုးအောင်က ပြောပြခဲ့ပါတယ်။

" ဘယ်လိုပေးဖြစ်လဲဆိုတော့ သီချင်းရေးတဲ့အခါပေါ့နော်။ လူတွေက အရမ်းထင်နေကြတာပေါ့နော်။ တကယ် တော့ အဲဒီလောက်လည်း မဟုတ်ပါဘူးဆိုတာကို ပြောချင်တာပေါ့နော်။ သရော်တဲ့သဘောပါ ပဲ။" လို့ တေးသံရှင် ရည်မိုးအောင်က ပြောပါတယ်။

တေးသံရှင် ရည်မိုးအောင်ဟာ အသက် ၁၂ နှစ်သားကတည်းက ဂီတလောကမှာ ဒရမ်တီးခတ်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ်က ရော့ခ်မုဆိုး၊ ၂၀၀၀ ခုနှစ်က ပင်လယ် ၂ ခုဆိုတဲ့ တေးစီးရီးတွေ ထွက်ရှိဖူးခဲ့သူ ဖြစ်ပါတယ်။ ယခုထွက်ရှိတဲ့အယ်လ်ဘမ်ဟာသူ့ရဲ့တတိယမြောက်စီးရီးဖြစ်တယ်လို့လည်း သိရပါတယ်။ အခု တေးစီးရီးထွက်ရှိနိုင်ဖို့အတွက် အချိန်ယူကြိုးပမ်းပြင်ဆင်ခဲ့ရတယ်လို့လည်း တေးသံရှင် ရည်မိုးအောင်က ပြောပါတယ်။

" ကြာတယ်။ တော်တော်ကြာတယ်။ လုပ်ချင်တဲ့အချိန်မှ ထလုပ်တာဆိုတော့။ သီချင်းတစ်ပုဒ်ကို ရေး ချင်တဲ့အချိန်မှ ရေးပြီးတော့ ဆိုချင်တဲ့အချိန်ဆို၊ တီးချင်တဲ့အချိန်မှတီးတဲ့အခါကျတော့ တစ်ပုဒ်ဆို တစ်ပုဒ် တော်တော်ကြာတယ်။ ကိုယ့်ဟာကိုယ်တောင် ဘယ်လောက်အချိန်ကြာမှန်းကိုမသိတာ။" လို့ တေးသံရှင် Y.M.A က ဆိုပါတယ်။

ဒီတေးစီးရီးထဲမှာ ပြားကိုးဆယ်၊ အချစ်ကြောင့်လွဲမှား၊ အနမ်းအလွမ်းဇာတ်လမ်း၊ မင်းမရှိရင်အေးဆေး၊ ပြိုင်ဘက်ကင်း၊ အချိန်တိုင်း၊ ငါ့ကိုအသေသတ်၊ မရှိမဖြစ်၊ စိုး၊ ဘာညာမလိုပါ၊ အသည်းကြီးသူနဲ့ ဂွတ်ဘိုင်ဆိုတဲ့ တေးသီချင်း ၁၂ ပုဒ်ပါဝင်ပါတယ်။ အဲဒီသီချင်းအားလုံးကို တေးသံရှင်ရည်မိုးအောင် ကိုယ်တိုင်ရေးသား၊ တီးခတ်ထားပြီး The Sun Music Production ကနေ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ပြီး ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly