သာပေါင်းမြို့နယ်တွင် တောဆင်ရိုင်း သတ်ဖြတ်သူများကို အရေးယူ

By မျိုးထွန်းနိုင်
23 November 2018
သာပေါင်းမြို့နယ်တွင် တောဆင်ရိုင်း သတ်ဖြတ်သူများကို အရေးယူ
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ။             ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ သာပေါင်းမြို့နယ်တွင် အသက် ၂၅ နှစ်အရွယ်ရှိသော တောဆင်ရိုင်း တစ်ကောင်ကို သတ်ဖြတ်ခဲ့သော ဆင်သတ်မုဆိုးများကို ဖမ်းဆီးအရေးယူထားပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းရရှိသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်တန်း ချောင်းဖျား၌ ပုပ်ပွကာ အရိုးများကျနေသည့် အသက်(၂၅)နှစ်ခန့်၊ အမြင့် ၇ ပေခွဲခန့်၊ အလျား ၉ ပေခန့်၊ အမြီး ၃ ပေခန့်ရှိသော တောဆင်ရိုင်း ဟိုင်းဆင်အထီး အသေ ၁ ကောင် တွေ့ရှိသဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးတင့်၊ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်နှင့် ဆင်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်းပါ ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ လွန်ခဲ့သော ၁ လခွဲ ခန့်က ဆင်သတ်မုဆိုးများမှ သတ်ဖြတ်ထား ကြောင်း သိရှိခဲ့ရသည်။

အဆိုပါ သတ်ဖြတ်မှုကို စုံစမ်းဖော်ထုတ်ခဲ့ရာ လွန်ခဲ့သော ၁ လခွဲ ခန့်က တောင်တန်းချောင်းဖျား၌ တဲထိုး နေထိုင်သော သိန်းအောင်(၅၀)နှစ်အပါအဝင် ၅ ဦးမှ တောဆင်ရိုင်းအားပစ်သတ်ကာ သားရေခွံများအား ကြပ်တိုက်ပြီး ပီနံအိတ်ဖြင့်ထုတ်ပိုး၍ နေမင်းထွန်း(၄၅)နှစ်မှ ရောင်းချရန် ယူဆောင်သွားကြောင်း ဆင်ပစ်သည့် တူမီး သေနတ်အား ဝှက်ထားခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ထိုသို့ တောဆင်ရိုင်းအား သတ်ဖြတ်သူ သိန်းအောင်အပါအဝင် ၄ ဦးထံမှ ဆင်သတ်ရာတွင် အသုံးပြုခဲ့သည့် ယမ်းမှုန့်များထည့်ထားသော ရေသန့်ဗူး ၁ ဗူး၊ ပလပ်စတစ်ဆေးထိုးပိုက် ၂ ခု၊ ဝက်အူလှည့် ၁ ချောင်း၊ သံခွ ၄ ချောင်း၊ ပန်းသံ ၁ ချောင်း၊ အရှည် ၃ လက်မခန့်ရှိသော နတ်တိုင် ၃ ချောင်း၊ ကျောပိုးအိတ် ၁ လုံး၊ သံဘောစေ့ ၁၂ လုံး၊ ဓား ၄ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပြီး သိန်းအောင်ပါ ၄ ဦး(ဖမ်းမိ)နှင့် နေမင်းထွန်း(ဖမ်းမမိ)တို့အား သာပေါင်းမြို့မ ရဲစခန်း မှ (ပ) ၃၅၀/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် လွတ်မြောက်နေသော  နေမင်းထွန်းကို ပုသိမ်မြို့မရဲစခန်းတွင် (ပ)၆၄၄/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)အမှုဖြင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly