အာဖရိကရဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်စစ်မှူး ဒရော့ဘာ ကစားသမားဘဝမှ အနားယူကြောင်း ကြေညာ

အာဖရိကရဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်စစ်မှူး ဒရော့ဘာ ကစားသမားဘဝမှ အနားယူကြောင်း ကြေညာ
Photo: EPA

အိုက်ဗရီကို့စ်နှင့် ချယ်လ်ဆီးအသင်းတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာဟာ ဘောလုံးကစားသမားဘဝ နှစ် ၂၀ ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က အနားယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် ၄၀ နှစ်အရွယ်ရှိ ကစားသမားဟာ ချယ်လ်ဆီးအသင်းအတွက် ၃၈၁ ပွဲကစား၊ ၁၆၄ ဂိုး သွင်းယူခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ လုံး၊ FA ဖလား ၄ လုံးနဲ့ ၂၀၁၂ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ အိုက်ဗရီကို့စ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၆၅ ဂိုးနဲ့ ရပ်တည်နေပါတယ်။

ဒရော့ဘာဟာ အမေရိကန်လိဂ်ရှိ Phoenix Rising အသင်းအတွက် မကြာသေးခင် ကစားခဲ့ပါတယ်။

“ကျနော်ဖြတ်သန်းခဲ့တဲ့ ကစားသမားဘဝတစ်လျှောက် ကြုံတွေ့ခဲ့တဲ့ အသင်းဖော်တွေ၊ နည်းပြတွေ၊ အသင်းတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။။”လို့ သူက တွစ်တာပေါ်မှာ ကြေညာချက်မှာ ရေးသားထားပါတယ်။

“တကယ်လို့ တစ်ယောက်ယောက်က မင်းရဲ့ အိမ်မက်ဟာ ကြီးမားလွန်းပြီး မဖြစ်နိုင်ဘူးလို့ ပြောလာခဲ့ရင် ကျေးဇူးတင်ကြောင်း ပြောပြီး အလုပ်ကိုပိုကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်ပါ။”လို့ ဒရော့ဘာက ဆိုပါတယ်။

ဒရော့ဘာဟာ မတူညီတဲ့ နိုင်ငံ ၆ နိုင်ငံက ဘောလုံးကလပ်အသင်းတွေမှာ ကစားခဲ့ပြီး သူ့ရဲ့ အဓိက အောင်မြင်မှုတွေကတော့ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာပဲဖြစ်ပါတယ်။

သူဟာ ၂၀၀၆-၀၇ နဲ့ ၂၀၀၉-၁၀ ရာသီတွေမှာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။ ဒရော့ဘာဟာ လွန်ခဲ့တဲ့ ၆ နှစ်ကြာက ချယ်လ်ဆီးက ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သရေကျစေမယ့် နောက်ကျဂိုး သွင်းယူခဲ့ပြီး  ပင်နယ်တီအဆုံးအဖြတ်အထိ ပို့ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ 

ဒရော့ဘာဟာ မာဆေးလ်အသင်းဆီ မပြောင်းရွှေ့ခင် ပြင်သစ်ကလပ် လီမန်းစ်နဲ့ ဂူအင်ဂမ့်တို့မှာ ကစားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်မှာ ချယ်လ်ဆီးအသင်းဆီ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly