သတင်းစာဆရာကြီး မကွေးဝင်းမြင့်အား ဒေသအခြေစိုက်သတင်းစာဆရာများ သွားရောက်ကန်တော့

သတင်းစာဆရာကြီး မကွေးဝင်းမြင့်အား ဒေသအခြေစိုက်သတင်းစာဆရာများ သွားရောက်ကန်တော့

မကွေး၊ နိုဝင်ဘာ ၂၂ ။           ။ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျရောက်သော မကွေးမြို့မှ သတင်းစာဆရာကြီး မကွေးဝင်းမြင့် ၏ အသက်(၇၉နှစ်)ပြည့် မွေးနေ့တွင် မကွေးအခြေစိုက် စာရေးဆရာ/သတင်းထောက်များက သွားရောက်ကန်တော့ခဲ့ကြကြောင်း သိရသည်။

"သတင်းထောက်စစ်စစ်ဆိုတာ ပြည်သူအရေးကိုသာရှေ့တန်းတင်ကြရလို့ မိသားစုအရေး တာဝန်မကျေနိုင်ကြပါဘူး။ အများကောင်းကျိုးအတွက်အနစ်နာခံပြီးတော့ ဆောင်ရွက်လုပ်ကိုင်သူများ ဖြစ်ကြပါစေ" ဟု မကွေးဝင်းမြင့်က ဆိုသည်။

စာရေးဆရာ/သတင်း စာဆရာကြီး မကွေးဝင်းမြင့်၏ အသက်(၇၉နှစ်)ပြည့်မွေးနေ့တွင် မကွေးအခြေစိုက် စာရေးဆရာ/သတင်းထောက်များက သွားရောက်၍ ကျပ်တစ်သိန်းခန့် တန်ဖိုးရှိသော ကန်တော့ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြသည်။

"ဒီနေ့ တန်ဆောင်းမုန်းလပြည့်နေ့ ဆရာကြီး ရဲ့(၇၉)နှစ်ပြည့် မွေးနေ့လည်းဖြစ်တယ်။ ကန်တော့ဖို့အတွက် ရက်ပိုင်းအတွင်း စီစဉ်ရတာဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း မကွေးဖန်ခါးမြေရဲ့ သက်ကြီး ဝါကြီး စာရေးဆရာ၊ကဗျာဆရာ၊ သတင်းစာဆရာကြီးတွေကို အခုလိုကန်တော့နိုင်အောင် ကြိုးစားဆောင်ရွက် သွားပါမယ် " ဟု မကွေးတိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဆရာနေခြည်(မကွေး)က ပြောသည်။

စာရေးဆရာ/သတင်းစာဆရာကြီး မကွေးဝင်းမြင့်သည် ၁၉၅၅ ခုနှစ်က ဆရာဦးဇဝန ဦးစီးသော ကလေးဂျာနယ် စာစောင်၌ မုဆိုးနဂါး၊ တောင်ပန်သားဘုရားရွှေစက်တော် ဆောင်းပါးဖြင့် စာပေနယ်သို့ရောက်ရှိခဲ့သူဖြစ်ပြီး ၁၉၇၀ ခုနှစ်တွင် လုပ်သားပြည်သူ့နေစဉ်သတင်းစာ၌ မကွေးမြို့နယ်ကော်လံစား သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့ကာ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် ရသစာပေများ၊ တိုင်းရင်းဆေးပညာစာအုပ်များ၊ ဆောင်းပါးများစွာ ရေးသားခဲ့သည်။

မကွေး ဝင်းမြင့်ကို ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်နေ့တွင်မွေးဖွားခဲ့ပြီး မကွေးမြို့ အထက(၁)ကျောင်းတွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့ကာ မကွေးမြို့နယ်၊ စာပေနှင့်စာနယ်ဇင်းဥက္ကဋ္ဌ၊ မကွေးမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးရုံကြီး ကြီးကြပ်ရေးကော်မတီဝင်၊ မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ဒုဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် ဇနီး၊ သားသမီး၊ မြေးမြစ်များနှင့်အတူ အမှတ် (၆)မဲထီလမ်း၊ စျေးရပ်၊ မကွေးမြို့တွင် နေထိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly