ရွှေစက်တော်ဘုရား ဂေါပကအဟောင်းကို ပြန်ခန့်ပါက ဆန္ဒပြမည်ဟုဆို

ရွှေစက်တော်ဘုရား ဂေါပကအဟောင်းကို ပြန်ခန့်ပါက ဆန္ဒပြမည်ဟုဆို

မကွေး၊နိုဝင်ဘာ ၂၂ ။          ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌအဟောင်းအား ယခုနှစ် ဂေါပကအသစ်ရွေးချယ်ရာတွင် ပြန်လည်ခန့်အပ်ပါက မန်းသောင်ပြင်မိသားစုများက ဆန္ဒပြကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က ဂေါပကဥက္ကဋ္ဌဟောင်း ဦးသိန်းလှိုင်အား ပြန်လည်မခန့်အပ်ရန်၊ ခန့်အပ်ခဲ့ပါက တိုင်းသိပြည်သိ ဆန္ဒထုတ်ဖော်သွားမည်ဟု မန်းရွှေစက်တော်သောင်ပြင်မိသားစုများဖြစ်သော တည်းခိုဆောင်မိသားစု၊ စျေးသည်မိသားစု၊ တင်ဒါမိသားစုနှင့် လုပ်ငန်းရှင်များက လက်မှတ်ရေးထိုးကာ နိုဝင်ဘာလ ၂၂ရက်နေ့က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ  အသိပေးစာ ပေးပို့ထားကြောင်း သိရသည်။

မနှစ်ကပွဲတော်အချိန် သောင်ပြင်မိသားစုတွေ အားလုံးမကြိုက်မနှစ်သက်တဲ့ ငဖဲမြို့နယ်ကဥက္ကဋ္ဌဟောင်း ဦးသိန်းလှိုင်က ဒီနှစ်ဂေါပကအသစ် ပြန်လည်ရွေးချယ်တော့ လျှောက်လွှာမတင်ခဲ့ဘူး။ အခု ဂေါပကအသစ်အဖြစ် သူ့ကို ပြန်ခန့်ထားတယ်လို့သူက ရွှေစက်တော်မှာပြောနေပါတယ်။ မန်းသောင်ပြင်မိသားစုတွေနဲ့ အဆင်မပြေတဲ့သူကို ပြန်မခန့်အပ်ဖို့၊ ပြန်ခန့်မယ်ဆို ကျွန်မတို့ သောင်ပြင်မိသားစုတွေက တိုင်းသိပြည်သိဖြစ်အောင် ဆန္ဒပြကန့်ကွက်သွားမှာပါ"ဟု ငဖဲမြို့နယ်မှ သောင်ပြင်စျေးသည်ဒေါ်ကင်းက ပြောသည်။

ယမန်နှစ် ပွဲတော်ကာလတွင် စျေးဆိုင်ခန်းများနေရာချထားပေးရာတွင် ငွေကြေးရယူရန်ညှိနှိုင်းမှုများ ရှိသည်ဟုဆိုကာ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတိုင်ကြားခံရသဖြင့် NLDပါတီမှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးလျက်ရှိပြီး၊ ရွှေစက်တော်ဂေါပကဥက္ကဌဟောင်းကိုလည်း တရားမမှု ၃ မှုနှင့် နမ္မဒါ တည်းခိုဆောင်ပိုင်ရှင်က တရားစွဲဆိုထားကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင်ကျင်းပမည့်မန်းရွှေစက်တော်ဘုရားပွဲတော်ကို တာဝန်ယူကြီးကြပ်မည့်  ဂေါပကအဖွဲ့ဝင် (၁၉)ဦးရွေးချယ်ရာတွင် ယမန်နှစ်က ပြသနာဖြစ်ပွားခဲ့သည့်အဖွဲ့ဝင်များကိုဖယ်ရှားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ပြောကြားထားသည်။

"မနှစ်က ဦးသိန်းလှိုင်ဥက္ကဋ္ဌတာဝန်ယူခဲ့စဉ်က ရွှေစက်တော်မှာ ပြသနာပေါင်းစုံဖြစ်ခဲ့ပါတယ်။ သူကပြောလိုက်ရင် သူတို့ဂေါပကကို ပြည်သူတွေခန့်တာ မဟုတ်ဘူး။ တိုင်းအစိုးရခန့်တာလို့ အမြဲပြောတယ်။ တင်ဒါလုပ်ငန်းတွေကိစ္စတုန်းက အဟောင်းတွေဘဲ ပြန်ပေးပါမယ်ဆိုပြီး အသစ်တွေပါလာတော့ ပေးထားသူတွေက တိုင်မယ်တောမယ်ပြောတော့ ယူထားတာ ပြန်ပေးတာမျိုး၊ ဂေါပကကို ကူညီသူတွေကို By Nameနဲ့ဆိုင်ခန်းပေးတာတွေ စီမံအုပ်ချုပ်တာ ညံ့ဖျင်းတာတွေကြောင့် အတိုင်ခံရပါတယ်။ အခု သူက မလျှောက်ဘဲ ဂေါပကအသစ်ထဲ ပြန်ပါလာတယ်။ကြားရတော့ သောင်ပြင်မိသားစုအားလုံး လက်မှတ်ရေးထိုးပြီး ဝန်ကြီးချုပ်ဆီ အသိပေးစာ တင်ခဲ့ပါတယ်။ ဒါနဲ့မှ သူဆက်ပါလာမယ်ဆိုရင် တိုင်းသိပြည်သိအောင် ဆန္ဒပြတောင်းဆိုသွားမှာပါ"ဟု ငဖဲမြို့မှ တင်ဒါလုပ်ငန်း လုပ်ကိုင်သူ ဦးလှိုင်မြင့်မောင်က ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲကျင်းပခဲ့သည့် သက်တမ်းတစ်လျှောက်မှ ၂၀၁၆ခုနှစ် ပွဲတော်ကျင်းပပြီးသည့်အချိန်ထိ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၃သောင်း ရထောင်ကျော်နှင့် ရွှေစင်ရွှေသား ၂ပိဿ     ာနှင့် ၈ကျပ်သားရရှိခဲ့ပြီး ၊ အစိုးရသစ်လက်ထက် အသစ်ဖွဲ့စည်းလိုက်သည့် အရပ်သားဂေါပကများလက်ထက်၌ ၂၀၁၇ ခုနှစ်ပွဲတော်တွင်ကာလ ကျပ်သိန်းပေါင်း ၁သောင်းနှစ်ထောင်ကျော်ရရှိခဲ့ကာ ၂၀၁၈ခုနှစ်ပွဲတော်အပြီးတွင် ကျပ်သိန်းပေါင်း ၂သောင်း ၆ ထောင်ကျော် ရရှိခဲ့ကြောင်း  မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့အဟောင်းထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly