ပြည်ကြီးမဏ္ဍိုင်မြို့နယ် ထင်းမယ်ကျေးရွာ၌ ဒေသခံပြည်သူများ စုပေါင်း၍ ရေဝေရေလဲထိန်းသိမ်းမှု ပြုလုပ်

ပြည်ကြီးမဏ္ဍိုင်မြို့နယ် ထင်းမယ်ကျေးရွာ၌ ဒေသခံပြည်သူများ စုပေါင်း၍ ရေဝေရေလဲထိန်းသိမ်းမှု ပြုလုပ်

ပြည်ကြီးမဏ္ဍိုင်မြို့၊ နိုဝင်ဘာလ ၂၁ ။           ။ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊ ချောင်းကဖက်ကျေးရွာအုပ်စု၊ ထင်းမယ်ကျေးရွာ၌ ဒေသခံ ပြည်သူများ စုပေါင်း၍ ရေဝေရေလဲနှင့် သစ်တောများ ထိန်းသိမ်းခြင်း ဆိုင်ရာ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့က ယင်း ကျေးရွာမှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထင်းမယ် 'ထီးဖဒေးခီး' ရေဝေရေလဲထိန်းတောထိန်းသိမ်းခြင်း အစီအစဉ်လည်းကောင်း ကျေးရွာရှိ ကရင် တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ဦးဆောင်၍ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ထင်းမယ်ကျေးရွာ အတွင်းရှိ မြေလွတ် မြေရိုင်းများ အဖြစ် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်စွဲပါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ကြီးရုံး၏ အမိန့် ကြော်ငြာစာ အမှတ် (၄၆/၂၀၁၈)အရ ထုတ်ပြန်သောကြော်ညာချက်၌ မြေအကျယ်အဝန်း ၈၉၆၀ ဧကကို အစိုးရမှ ထိန်းသိမ်းရန် စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အစိုးရမှ ထိန်းသိမ်းလိုက်သော မြေလွှတ်မြေရိုင်းများ ဧရိယာအတွင်း ဒေသခံများ၏ ဥယျာဉ်ခြံမြေများ နှင့် သီးပင်စားပင်အချို့ ပါဝင်နေသည်ဟု သိရသည်။

 “အခု အစိုးရက သတ်မှတ်လိုက်သည့် ကြိုးပြင်ကာကွယ်တောထဲမှာ ကျွန်တော်တို့ ဥယျာဉ်ခြံပိုင်ရှင် ဦးရေ ၄၀ ဦး နီးပါးလောက် ပါဝင်နေတာကို တွေ့ရပါတယ်၊ အဲ့ဒါကို ဒေသခံ ပြည်သူတွေက ပူးပေါင်းပါဝင်မှု စီမံခန့်ခွဲမှု မရှိပါဘူး၊ ဒီအတွက်ကြောင့် ကျွန်တော်တို့ ပြည်သူတွေလည်း မိမိတို့ ကိုယ်တိုင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်တယ်ဆိုတာကို ပြချင်လို့ အခုလို အခမ်းအနားကို ပြုလုပ်ခြင်း ဖြစ်တယ်”ဟု ရေဝေရေလဲ ထိန်းတော ထိန်းသိမ်းရခြင်း ကော်မတီဝင် စောမြင့်ဦးက ပြောဆိုသည်။

ရေဝေရေလဲထိန်းတော ထိန်းသိမ်းရခြင်းရည်ရွယ်ချက်မှာ ဌာနေတိုင်းရင်းသားများသည် မိဘဘိုးဘွား အစဉ်အလာအရ တည်ရှိလာခဲ့သော သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်သည့်သယံဇာတအားလုံးကို မိမိတို့ အပြည့်အဝ စီမံခန့်ခွဲ အသုံးချပိုင်ခွင့်နှင့် အခွင့်အရေးများ ရှိကြောင်း အထူးသဖြင့် ရေဝေရေလဲ ထိန်းတော ထိန်းသိမ်းခြင်းဖြင့် မိမိတို့၏ အသက်ရှင်သန်မှုအတွက် အရေးကြီးသော ရေအရင်းအမြစ်ကို သားစဉ်မြေးဆက် အထိ ထာဝစဉ် တည်တံ့စွာ ရရှိနိုင်စေရန်၊ သန့်ရှင်းသော လေ၊ စိမ်းလန်းသော သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို လျော့ချရာတွင် မိမိတို့ ပြည်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် စသည့် အချက်များဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်သော ကော်မတီဝင်များက ပြောဆိုလိုက်သည်။

“အစိုးရက လုပ်ဆောင်တဲ့ အပိုင်းမှာ ဒီနေရာ ဒီဒေသမှာ ဒေသခံတွေရဲ့ ဥယျာဉ်ခြံတွေ ပါဝင်နေတာကို သိမ်းခံရ မှာကို စိုးရိမ်နေပါတယ်၊ ဒီအတွက်ကြောင့် ကျွန်မတို့ ကိုယ်တိုင် ထိန်းသိမ်းချင်တယ်၊ ရွာသားတွေလည်း အားလုံး ပူးပေါင်း ပါဝင်နိုင်အောင် အခုလိုမျိုး လုပ်ဆောင်ရခြင်း ဖြစ်တယ်”ဟု ကော်မတီအဖွဲ့ဝင် မနော်ညိုညို အောင်က ရှင်းပြသည်။

ထင်းမယ် ရွာသူ/ သားများ စုပေါင်းထိန်းသိမ်းသော ရေဝေရေလဲထိန်းတော တွင် မြစ်ချောင်းများ၊ သစ်တောများ နှင့် သားရိုင်းတိရိစ္ဆာန်များကိုလည်း ထိန်းသိမ်းသွားရန် စီစဉ်ထားကြောင်း သိရပြီး ထင်းမယ်ကျေးရွာ သည်၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်အတွင်း တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly