ထောက်ပံ့ငွေ အလွဲသုံးစားပြုခံရသည်ဟု တိုင်ကြားချက် နှစ်ဖက် အငြင်းပွားနေဆဲ

ထောက်ပံ့ငွေ အလွဲသုံးစားပြုခံရသည်ဟု တိုင်ကြားချက် နှစ်ဖက် အငြင်းပွားနေဆဲ

နိုဝင်ဘာ ၂၁။ ။ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုတွင် ထောက်ပံ့ခဲ့သည့် ငွေကြေးများမှာ အလွဲသုံးစားပြုခံရသည်ဟု သဘာဝဘေးဒဏ်သင့်ခဲ့သူများထဲမှ တစ်ချို့က ဆိုသည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ကြမ်းကိုင်ကျင်းကျေးရွာအုပ်စုအတွင်းရှိ ဆူးလေကုန်းနှင့် ကန်သာ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၂၀၀ နီးပါးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လက ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုတွင် နေအိမ်ရွေ့ပြောင်းခဲ့ကြရသည်။

၎င်းတို့အား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက အိမ်ထောင်စု တစ်ခုလျှင် ငွေကျပ်တစ်သိန်း၊ ပစ္စည်း ၁၀ မျိုးနှင့် လူတစ်ဦးလျှင် တစ်ပတ်စာ ဆန်ဖိုး ကျပ် ၂၁၀၀ တို့ကို ထောက်ပံ့ပေးခဲ့ရာ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက အလွဲသုံးစားပြုခဲ့ကြသည်ဟု နေအိမ်ရွေ့ပြောင်းခဲ့ရသူ ၃၀၀ ဝန်းကျင်ထဲမှ တစ်ဦးဖြစ်သူ ကန်သာကျေးရွာသား ဦးအောင်ဇော်က မဇ္စျိမသို့ ပြောသည်။

“ကမ်းပါးပြိုလို့ အိမ်ထောင်စုတွေကို ထောက်ပ့ံကြေးပေးရာမှာ မညီမျှဘူး။ အိမ်ထောင်စုတစ်ခုကို ငွေကျပ်တစ်သိန်း၊ ပစ္စည်း ၁၀ မျိုးနှင့် လူတစ်ဦးရဲ့တစ်ပတ်စာအတွက် ဆန်ဖိုး ၂၁၀၀ ကျပ် ထောက်ပ့ံတယ်လို့ သိရတယ်။ ဆန်ဖိုးမရကြတဲ့ လူတွေရှိတယ်။ ဒါကိုနောက်ပိုင်းမှ သိရလို့ တိုင်လိုက်တာ" ဟု ဦးအောင်ဇော်က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကျေးရွာစုအုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် မကွေးတိုင်းဝန်ကြီးချုပ်သို့ ပြီးခဲ့သည့် နှစ်လက စတင် တိုင်ကြားခဲ့သည်။

တိုင်ကြားချက်အရ အောက်တိုဘာ ၄ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး တွေ့ရှိချက်ကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြထားပြီး ညွှန်ကြားမှု တစုံတရာ မရရှိသေးဟု ရေနံချောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက မဇ္စျိမသို့ ပြောသည်။

တိုင်ကြားခံရသူမှာ ကြမ်းကိုင်ကျင်းကျေးရွာစု အုပ်ချုပ်ရေးမှူး ဦးသန်းဦးဖြစ်ပြီး ၎င်းအနေဖြင့် နေအိမ်ရွေ့ပြောင်း သူများအား ပေးအပ်ရန် ထောက်ပံ့ငွေကြေး သွားရောက်ထုတ်ယူမှုတွင် ရွာခွဲတာဝန်ခံများကို တာဝန် လွှဲပြောင်းထားခြင်းဖြစ်၍ မသက်ဆိုင်ဟု မဇ္စျိမသို့ ပြောသည်။

“တိုင်တာက ကျွန်တော်ကိုတိုင်တာ၊ ရွာခွဲတာဝန်ခံတွေနဲ့ ရွာသူရွာသားတွေက ရေနံချောင်းကိုသွားတဲ့စက်လှေစရိတ်တွေရှိတယ်။ ဆိုင်ကယ်ကယ်ရီခတွေရှိတယ်၊ ဓာတ်ပုံရိုက်ခတွေရှိတယ်။ အဲ့ဒါတွေကို ရွာခွဲတာဝန်ခံတွေက လုပ်ကြတာ။ အစစ်ခံပြီးပြီ" ဟု ကြမ်းကိုင်ကျင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းဦးက ဆိုသည်။

မကွေးတိုင်းသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူး ဦးမြင့်စိုးကမူ “ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသူ ရွာသားတွေရဲ့ သဘောဆန္ဒမတောင်းဘဲ စက်လှေတွေငှါးပြီး ရေနံချောင်းမြို့ကို ငွေသွားထုတ်တယ်။ စက်လှေ ငှားခကို ပြန်ကောက်တော့ ဆန်ဖိုးမရတော့ဘူးလို့ တင်ပြထားတယ်။ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့တွေက စစ်ဆေးနေတယ်လို့သိရပါတယ်" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly