ကချင်စစ်ရှောင်တွေအတွက် တရုတ်က ကျပ် ၀.၁၇ ဘီလီယံ လှူဒါန်း

ကချင်စစ်ရှောင်တွေအတွက် တရုတ်က ကျပ် ၀.၁၇ ဘီလီယံ လှူဒါန်း

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ။         ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေပြီး ကချင်ဒေသက စစ်ဘေးရှောင်နေရတဲ့သူတွေအတွက် မြန်မာကျပ်ငွေ ဝ.၁၇ ဘီလီယံကို လှူဒါန်းလိုက်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့က မြစ်ကြီးနားမြို့တော်ခန်းမမှာ အခမ်းအနားပြုလုပ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်က ဦးဆောင် လှူဒါန်းခဲ့တာပါ။

“ နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာရယ် အနွေးထည်ရယ်လှူဒါန်းတာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ လှူဒါန်းတဲ့ ငွေကြေးပမာဏကတော့ မြန်မာကျပ်ငွေနဲ့တွက်မယ်ဆိုရင် ဝ.၁၇ ဘီလီယံပါ “ လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောပါတယ်။

၂၀၁၇ ခုနှစ်စာရင်းများအရ ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်း  ၁၀၀ ကျော်ရှိနေပြီး တရုတ်သံရုံးက ၀ိုင်းမော်နဲ့ မြစ်ကြီးနားမြို့ပေါ်တွေမှာရှိတဲ့ ဂျာမိုင်ကောင်း စစ်ရှောင်စခန်း၊ မိုင်းနားက်သ လစ်စစ်ရှောင်စခန်း၊ ခတ်ချိုစစ်ရှောင်စခန်း၊ တန်ဖဲစစ်ရှောင်စခန်း၊ ပလနစစ်ရှောင်စခန်း စုစုပေါင်း ၅ ခုအတွက် လှူဒါန်းခဲ့တာပါ။

“ ၆ နှစ် ၈ နှစ်ဖြစ်လာတဲ့ အခါကျတော့ အဆောက်အဦတွေကလည်း သိပ်အဆင်မပြေဘူး။ စားဖို့ သောက်ဖို့ကလည်း အခုဆို လုပ်နိုင်တဲ့ သူအားလုံးကတော့ အလုပ် ထွက်လုပ်ရတာပေါ့။ နေ့စား လုပ်ရတာပေါ့ဗျာ။ ပညာမတတ်တဲ့အခါကျတော့။ နယ်ဝေးလည်းမသွားနိုင်။ အဲ့လိုမျိုးတွေရှိပါတယ်လို့ “ဂျာမိုင်နှစ်ချင်း ကန့်တာဝန်ခံ နော်ဆမ်က ပြောပါတယ်။

လာရောက်လှူဒါန်းခဲ့တဲ့ တရုတ်သံအမတ်ကို အဲဒီလို ပြောပြခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို ပြောပြပေးမယ်လို့သာ ပြန်လည်ပြောဆိုခဲ့ကြောင်းလည်း နော်ဆမ်က ဆက်ပြောပါတယ်။

၂၀၁၁ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် သိန်းချီဟာ ရပ်ရွာတွေ ကိုစွန့်ပြီး  မြို့တွေပေါ်ကို ထွက်ပြေးလာခဲ့ကြရတာပါ။

ကချင်ပြည်နယ်အတွင်း စစ်ရှောင်တွေအတွက်  ငါးနှစ်အတွင်း ကျပ် ကုဋေပေါင်း ၁၉၀၀ ကျော် (၁၉,၈၁၉,၉၆၈,၄၆၉ ကျပ်) ကို အသုံးပြုခဲ့တယ်လို့လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

“ ဒီမှာနေရတာ အခက်ခဲဆုံးက တစ်ချို့ကျွန်တော်တို့မိသားစုတွေ တအားများတယ်။ အခန်းက ၈ ပေ ပတ်လည် သာသာပဲရှိတယ်။ မိသားစုနည်းရင်တော့ သိပ်တော့မဟုတ်ပါဘူး။ မိသားစုများတဲ့သူဆိုရင်တော့ အရမ်းကို ဒုက္ခရောက်တယ် “ လို့ ဖားကန့်ဘက်ကနေ စစ်ရှောင်လာတာ ၈ နှစ် ကြာပြီဖြစ်တဲ့ ဦးဗောက်နော်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲ ၃၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူပေါင်း တစ်သိန်းကျော် စစ်ရှောင်စခန်းတွေကို ရောက်လာခဲ့ကြတာလို့ ပြည်တွင်းသတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်ထဲမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာခဲ့ပြီး လူပေါင်းတစ်သိန်းလောက် ထပ်ပြီး စစ်ရှောင် ဖြစ်ခဲ့ရပါသေးတယ်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA အဖွဲ့သည် ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခြင်းမပြုသေးဘဲ အစိုးရနဲ့နိုင်ငံရေးဆွေးနွေးဖို့ ကြိုးစားနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly