‘သရေတစ်မှတ်က အသင်းအတွက် မလေးရှားနဲ့ကစားဖို့ ခွန်အားဖြစ်စေတယ်’ နည်းပြ အန်တိုနီဟေးလ်

‘သရေတစ်မှတ်က အသင်းအတွက် မလေးရှားနဲ့ကစားဖို့ ခွန်အားဖြစ်စေတယ်’ နည်းပြ အန်တိုနီဟေးလ်
Photo: MFF

မြန်မာ့လက်ရွေးစင်နည်းပြချုပ် အန်တိုနီဟေးလ်က ဗီယက်နမ်အသင်းနဲ့ သရေတစ်မှတ်က အသင်းအတွက် မလေးရှားနဲ့ကစားဖို့ ခွန်အားဖြစ်စေတယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ဟာ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ် ၃ အပြီးတွင် ၂ ပွဲနိုင်၊ ၁ သရေ ရလဒ်စီကြောင့် အမှတ်ပေးဇယားရပ်တည်မှု အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ မြန်မာအသင်းက ရမှတ် ၇ မှတ် ဂိုးကွာခြားချက်နဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဗီယက်နမ်အသင်းက ရမှတ် ၇ မှတ်နဲ့ ဒုတိယ၊ မလေးရှားအသင်းက ရမှတ် ၆ မှတ်နဲ့ တတိယနေရာတို့မှာ အသီးသီးရပ်တည်နေပါတယ်။

“ဒီပွဲရလဒ်နဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံးအတွက် အကောင်းဆုံး အခွင့်အရေးတွေ ရရှိခဲ့ပြီး ဖျော်ဖြေမှုတွေ ပေးနိုင်ခဲ့ပါတယ်။ သရေတစ်မှတ်က ကျနော်တို့ အသင်းအတွက် မလေးရှားအသင်းနဲ့ ကစားဖို့ ခွန်အားဖြစ်စေပါတယ်။ ဒီနေ့ပွဲမှာ နည်းဗျူဟာကြောင့် ကစားသမား ငါးဦးအထိ အပြောင်းအလဲလုပ်ခဲ့တာကြောင့် နောက်ပွဲအတွက် ကြံ့ခိုင်မှု အပိုင်းမှာလည်း စိုးရိမ်စရာမရှိပါဘူး။”လို့ နည်းပြ အန်တိုနီဟေးလ်က ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာအသင်းနဲ့ ပွဲစဉ်နဲ့ ပတ်သက်လို့ ဗီယက်နမ်အသင်း နည်းပြချုပ်ကတော့ အနိုင်ရဖို့ ပြင်ဆင်လာခဲ့ပေမယ့် သရေကျခဲ့လို့ မကျေနပ်ဖြစ်ခဲ့ပြီး အသင်းကစားပုံဟာ ဒုတိယပိုင်းရောက်မှ ကစားပုံကောင်းခဲ့တယ်လို့ ပြောဆိုသွားပါတယ်။

မြန်မာလက်ရွေးစင်အသင်းအနေနဲ့ အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲ မရှိရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ၂၄ ရက်မှာ ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ် မလေးရှားနဲ့ အဝေးပွဲစဉ်မှာ သရေတစ်မှတ်ရရှိခဲ့ရင်ဖြင့် အနိမ့်ဆုံး အုပ်စုဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly