၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားများအတွက် ကျပ် ၁၂.၆ ဘီလီယံ အသုံးပြုသွားမည်

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားများအတွက် ကျပ် ၁၂.၆ ဘီလီယံ အသုံးပြုသွားမည်

မော်လမြိုင် ၊ နိုဝင်ဘာ ၊ ၂၀ ။         ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း ကျေးလက်ဒေသ၏ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၂.၆ ဘီလီယံခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်ကျေးလက်ဒေသလမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ မူလငွေလုံးငွေရင်းရန်ပုံငွေနှင့် ပြည်နယ်အစိုး၏ခွင့်ပြုရံပုံငွေ ၂ ခုပေါင်းကာ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးဝင်းထံမှ သိရသည်။

" ကျေးလက်လမ်းဦးစီးဌာနရဲ့ ရည်မှန်းချက်အတိုင်း ၂၀၃၀ ခုနစ်မှာ မြန်မာနိုင်ငံရဲ့လမ်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရာသီမရွေးသွားလာနိုင်တဲ့လမ်းတွေဖြစ်အောင် လုပ်မယ်လို့ မူဝါဒတွေချမှတ်ထားတဲ့ အတိုင်းပဲ။ ရရှိတဲ့ ဘတ်ဂျက်တွေနဲ့ လမ်း၊ တံတားလုပ်ငန်းတွေကို အဓိကထား အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဌာနရဲ့စံနှုန်းတွေနဲ့ ဆောင်ရွက်သွားမှာပါ။ လုပ်တဲ့နေရာမှာလည်း တင်ဒါခေါ်ယူပြီး ဆောင်ရွက်နေတယ်။ တင်ဒါအောင်တဲ့သူတွေလဲ လမ်းတံတားတွေကို အရည်အသွေး မီလုပ်နိုင်ဖို့ ရုံးချုပ်နဲ့ပြည်နယ်က QC အဖွဲ့တွေက စစ်ဆေးဆောင်ရွက်သွားမှာပါ။”ဟု ၄င်းက ပြောသည်။

လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဌာနအနေဖြင့်လည်း ပြုပြင်ထိန်းသိမ်းတဲ့အပိုင်းကို လုပ်ဆောင်လျှက်ရှိပြီး ပြည်သူများအနေဖြင့်လည်း လမ်းတံတားများ ရေရှည်အသုံးပြုနိုင်ရေးကို ဝိုင်းဝန်းထိန်းသင့်ကြောင်း ဦးလှမျိုးဝင်း က အကြုံပြုပြောဆိုခဲ့သည်။

" ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက လုပ်ပြီးသွားတဲ့ လမ်းတံတားတွေအားလုံး ရေရှည်အသုံးပြုနိုင်အောင်လို့ လမ်းတွေပေါ်မှာ ရေတင်နေတာတွေ့ရင် ဖောက်ထုတ်ပေးပေါ့၊ ဒီတစ်ခုတည်း မဟုတ်ပါဘူး၊ အများကြီးပဲပေါ့ ။ ပြည်သူတွေက စုပေါင်း ဝိုင်းဝန်းထိန်းသိမ်းပေးသွားမယ်ဆိုရင် ပိုကောင်းတာပေါ့။ဌာနအနေနဲ့လည်း လမ်းတံတားတွေ မပျက်စီးအောင်တော့ နှစ်စဉ်ပြင် ဆင်ထိန်းသိမ်းတဲ့ ပိုင်းတွေလည်း လုပ်နေပါတယ်။” ဟု ၄င်းကဆက်လက်ပြောသည်။

မွန်ပြည်နယ်တွင် ကျေးလက်လမ်းအရှည် မိုင်ပေါင်း ၉၆၇ မိုင်ရှိသည့်အနက် ကတ္တရာ၊ ကွန်ကရစ်ခင်းပြီး လမ်းအရှည် မိုင်ပေါင်း ၂၆၀ ခန့်နှင့် ကျန်လမ်းမှာ ကျောက်ချောခင်းပြီးသားလမ်း၊ ဂဝံခင်းလမ်းနှင့် မြေသားအမာခံရပြီးသားလမ်းများဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြည်နယ်ရံပုံငွေ ကျပ်သန်း ၉၉၀၁.၅၂၃ ကျပ်နှင့် ပြည်ထောင်စုရံပုံငွေ ၂၇၁၅.၂၃၄ ကျပ် စုစုပေါင်း ကျပ်သန်း ၁၂၆၁၆.၇၅၇ ကျပ်ဖြင့် တံတား ၁၁ စင်း၊ လမ်း ၄၆ လမ်း၊  Box-Culvert ၃၀ စင်းအား အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly