ဖယ်သာဝိတ်ချန်ပီယံခါးပတ်ကို ရယူနိုင်ရေး ဖိုးသော်က မျှော်လင့်လျက်ရှိနေသေးဟု ဆို

ဖယ်သာဝိတ်ချန်ပီယံခါးပတ်ကို ရယူနိုင်ရေး ဖိုးသော်က မျှော်လင့်လျက်ရှိနေသေးဟု ဆို

နိုဝင်ဘာ ၂၀ ။         ။ ဖိုးသော်အနေဖြင် ပြိုင်ပွဲတစ်ပွဲရှုံးနိမ့်ခဲ့ရသော်လည်း ONE ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို တစ်ချိန်တွင် စိန်ခေါ်သွားနိုင်ရေးအတွက် ဆက်လက်ကြိုးစားသွားမည်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာလက ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီးတွင် ကျငး်ပပြုလုပ်ခဲ့သောONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ ဒုတိယပွဲစဉ်အဖြစ် Keanu Subba နှင့် ယှဉ်ပြိုင်ခဲ့သောပွဲစဉ်တွင် ရှုံးနိမ့်ခဲ့မှုကြောင့် ကြိုးစားလိုစိတ်များ ပိုမိုပြင်းထန်လာရသည်ဟု ဖိုးသော်က ဆိုသည်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော ဖိုးသော်သည် ပွဲပထမအချီတွင်ပင် Subba ၏ လည်ပင်းချုပ်ကွက်ကြောင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

ဤရှုံးပွဲသည် ၎င်း၏ ကစားသမားဘဝတစ်လျှောက်လုံး၏ ပထမဦးဆုံးရှုံးပွဲဖြစ်သော်လည်း ဖိုးသော်အနေဖြင့် တဖန်ပြန်လည်ဦးမော့ ရပ်တည်သွားနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

"ကျွန်တော်တို့ဟာ နိုင်ရင်နိုင်၊ မဟုတ်ရင် သင်ခန်းစာရပါတယ်။ Keanu Subba နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ကျွန်တော်လိုချင်တဲ့ ရလဒ် မရခဲ့ပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝမှာအထောက်အကူဖြစ်စေမယ့် သင်ခန်းစာကောင်းကောင်း ရခဲ့ပါတယ်။” ဟု ဖိုးသော်က ဆိုသည်။

"ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် လေ့လာဖို့လိုအပ်နေသေးတာတွေကို သိလာခဲ့ရတယ်။ ကျွန်တော် ရှုံးပွဲကြုံခဲ့ရတာဟာ အဟန့်အတားတစ်ခုဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော့်အနေနဲ့ အရင်ကထက်ပိုပြီး ကြိုးစားသွားဖို့ ကတိပေးပါတယ်။ ကျွန်တော် ONE ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကြီးကို ပိုင်ဆိုင်နိုင်ဖို့ စိန်ခေါ်သွားနိုင်တဲ့အထိ မဆုတ်မနစ်ကြိုးစားသွားမှာပါ။” ဟု ဖိုးသော်က ထပ်မံပြောသည်။

ဖိုးသော်အနေဖြင့် ကစားသမားဘဝတစ်လျောက်တွင် ပထမဆုံးရှုံးပွဲကြုံခဲ့ရခြင်းဖြစ်ကာ၊ ထိုပွဲမတိုင်ခင် ပြိုင်ပွဲ ၆ ပွဲဆက်တိုက်အနိုင်ရရှိထားသူဖြစ်ကာ ထိုထဲမှ ၅ ပွဲကို ပွဲသိမ်းကွက်ဖြင့် အနိုင်ရယူထားခြင်းဖြစ်သည်။ ဖိုးသော်၏ အိမ်မက်မှာ အခြားသောကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားကဲ့သို့ပင် ထိပ်တန်းကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်သွားနိုင်ရန်ဖြစ်ကာ၊ မိမိသည် အကောင်းဆုံးကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်ကြောင်း ကမ္ဘာကြီးကို ပြသသွားရန်ဖြစ်သည်။

ဖိုးသော်က " တခြားကစားသမားတွေလိုပဲ ကျွန်တော့်ရဲ့ အိမ်မက်ပန်းတိုင်ကတော့ ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်ဖို့နဲ့၊ ကျွန်တော်ဟာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြသွားနိုင်ဖို့ပါပဲ။ ကျွန်တော်က အကောင်းဆုံးကစားသမားတွေပြည့်နှက်နေတဲ့ ONE Championship ဖယ်သာဝိတ်တန်းမှာ ယှဉ်ပြိုင်နေတာဖြစ်လို့ ချန်ပီယံဖြစ်လာဖို့ ရှေ့ဆက်ယှဉ်ပြိုင်သွားရမယ့်ပွဲတွေကလည်း လွယ်ကူတဲ့ပွဲတွေ ဖြစ်မှာတော့မဟုတ်ပါဘူး။” ဟု ဆိုသည်။

"ကျွန်တော်က ဒီအားကစားလောကရဲ့ထိပ်တန်းကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ကျွန်တော့်ကို စိန်ခေါ်လာသူတွေအားလုံးကို ရင်ဆိုင်သွားဖို့ အဆင်သင့်ပါပဲ။ အခုလောလောဆယ်တော့ ကျွန်တော် ပိုပြီးကြံ့ခိုင်တဲ့ပုံစံဖြစ်အောင် ကြိုးစားလေ့ကျင့်နေသလို၊ ပြီးခဲ့တဲ့ပွဲတွေကနေရော ရှေ့ဆက်လာမယ့်ပွဲတွေအတွက်ပါ

 လေ့လာမှုတွေလုပ်နေတာကြောင့် ကျွန်တော်ကြိုးစားထားသမျှတွေ နောက်ဆုံးတော့ အရာထင်လာတော့မှာပါ။” ဟု ဖိုးသော်က အလေးအနက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly