လှဖိုးခေါင်ကြားစခန်းတွင် အမျိုးသမီး၊ ကလေးများအတွက် ဘာတွေ ပြင်ဆင်ထားသလဲ

လှဖိုးခေါင်ကြားစခန်းတွင် အမျိုးသမီး၊ ကလေးများအတွက် ဘာတွေ ပြင်ဆင်ထားသလဲ

မောင်တော၊ နိုဝင်ဘာ ၁၁ ။         ။ နေပူချိန်ကတော့ ခြစ်ခြစ်တောက်ပူနေတဲ့အချိန်၊ ကွင်းပြင် လွင်တီးခေါင်ထဲမှာ အဆောက်အဦ အချို့ကတော့ ငြိမ်ငြိမ်သက်သက် ရှိနေပါတယ်။ တစ်ချို့နေရာမှာတော့ ဆောက်လက်စနေရာတွေနဲ့ အဆောက်အဦတွေ များနေပေမဲ့ လူကတော့ မရှိဘဲ ပကတိ တိတ်ဆိတ်နေပါတော့တယ်။

ဒါကတော့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရဂိတ်စခန်းတို့ကနေ ပြန်လည်ဝင်ရောက်လာမဲ့သူတွေကို စီစစ်ဖို့ ယာယီ ၂ လ နေထိုင်ခွင့်ပြုမယ့် လှဖိုးခေါင်ကြားစခန်းရဲ့ နိုဝင်ဘာလ ၁၆ ရက် မြင်ကွင်း အခြေအနေများပဲ ဖြစ်ပါတယ်။

အဆောင်တစ်ဆောင်ကို ၈ ခန်းပါ ပြီး တစ်ခန်းကို မိသားစုဝင် ၆ ယောက်အထိ နေထိုင်ခွင့် ပြုထားပြီး လက်ရှိ မှာတော့ ဆေးပေးခန်း နဲ့ လူမှုဝန်ထမ်းကနေ အမျိုးသမီးနဲ့ အမျိုးသမီးငယ်များနားခိုရာ၊ ကလေး ကစားကွင်း နေရာတွေအထိပါ ပြင်ဆင်ထားတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ ၆ ယောက်ဆိုပေမယ့် ယာယီနေထိုင်ရမှာ ဖြစ်တဲ့အတွက် မိသားစုက ၃ ယောက် ဖြစ်နေလည်း တစ်ခန်းတော့ ချထားပေးရမှာပေါ့။ အဲလို အနီးစပ်ဆုံး ထားပေးမယ်။ စခန်းမှာနေထိုင်တဲ့အချိန်မှာ ရိက္ခာ ၄ မျိုးပေါ့။ ဆန်၊ ဆီ။ ပဲ၊ ဆား ၊ တစ်လစာ တစ်လစာ ထုတ်ပေးသွားမယ်ပေါ့။ ထုတ်ပေးသွားတဲ့အပြင်ကို ကြားထဲမှာ ညှိနှိုင်းချက်အရ ဒီလူတွေ ဒီကြားထဲ ဝင်လာရင် ပိုက်ဆံမပါလာရင် ဘယ်လို လုပ်မလဲ၊ ဆန်၊ ဆီ၊ ပဲနဲ့ အဆင်မပြေရင်။ သပ်သပ် ဝယ်ပြီးစားလို့ရအောင် ၊ ဟင်းချက်စားလို့ရအောင် လူတစ်ဦးကို ၁၀၀၀ နှုန်း နိုင်ငံတော်က ထောက်ပ့ံပေးပါ တယ်။ အဲလို စီစဉ်ထားပါတယ်” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

အဲဒီစခန်းမှာရှိတဲ့ ကျန်းမာရေးဆေးပေးခန်းမှာ အမျိုးသမီးတွေအတွက် မီးဖွားလို့ရတဲ့အထိ ပြင်ဆင်ထားတယ် လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ အမျိုးသမီးများအတွက် ဆေးခန်းဆိုလို့ရှိရင် နောက်ဆုံး မီးဖွားလို့ရတဲ့အထိ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ဆေးခန်းဆို ၂ ဆောင်ပေါ့။ ပြင်ပ လူနာဆောင်ရှိမယ်၊ နောက် ဆေးခန်းရှိမယ်။ နောက်ပြီးတော့ Ambulance ယာဉ်တစ်စီး၊ လှဖိုးခေါင်အတွက် သီးခြား ထားပေးထားတယ်။ ဒီဆေးခန်းမှာ အရေးပေါ် ဖြစ်လာရင် မောင်တောထိ သွားလို့ရအောင် စီစဉ်ပေးထားတယ်” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါ့အပြင် လူမှုဝန်ထမ်းကနေ ကလေးတွေအတွက် ကစားကွင်းနဲ့ စာသင်ဆောင်ပါ လုပ်ပေးထားတယ်လို့ သူက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကလေးကစားတဲ့ ဒါန်းလေး ၂ ခုကို ပြင်ဆင်ထားတာကို တွေ့ရမှာပါ။

“ နောက်ပြန်ဝင်လာတဲ့လူတွေ စာသင်တဲ့အချိန် ဖြစ်မယ်ဆိုရင် ကလေးငယ်တွေ၊ အခြေခံ အဆင့်ပေါ့။ အလယ်တန်းတို့ အထက်တန်းတို့တော့ မပါဘူးပေါ့။ အခြေခံအဆင့် စာသင်နိုင်အောင်ပေါ့။ သွားရင် တွေ့ပါလိမ့်မယ်။ Modular house ဆိုတဲ့အဆောင်မှာ စာသင်ခန်းက ၅ ခန်း၊ ခုံတန်း ၆၀၊ White Board ၊ ကျွန်တော်တို့ လှဖိုးခေါင်မှာဆိုရင် ပညာရေးက လက်ထောက်ညွှန်ကြားရေးမှူးအထိ ထားပြီး စာသင်ရင် စာသင်နိုင်အောင်ဆိုပြီး လုပ်ပေးထားပါတယ်” လို့ သူက ထပ်ပြောပါတယ်။

လှဖိုးခေါင် ကြားစခန်းမှာ ရေတုံကင်နဲ့ အိမ်ခန်း၊ အိမ်သာတွေ ဆောက်လုပ်ထားပါတယ်။  အဲဒီ မလှမ်းမကမ်း မှာတော့ ဆေးပေးခန်းရှိနေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ပါ အဆင်သင့် ထားရှိထားပါတယ် လို့ သိရပါတယ်။

တစ်ဖက်မှာတော့ China Aid အမည်နဲ့ အဖြူရောင် ကွန်တိန်နာအိမ်တွေ ရှိနေပါတယ်။ မိသားစု ၄ ယောက်ခန့် ဆန့်တဲ့ ဒီအိမ်ထဲမှာ ပြတင်းပေါက် ၂ ပေါက်နဲ့ လျှပ်စစ်မီး ပါဝင်နေတာ တွေ့ရပါတယ်။

လှဖိုးခေါင်စခန်းတာဝန်ခံ ဦးစိုးရွှေအောင်က ဒီစခန်းမှာ ရေမီးအပါအဝင် စာရေးသောက်ရေးတွေကိုလည်း စီစဉ်ထားပါတယ်လို့ သူက နိုဝင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ အရမ်းအဆင်သင့် ဖြစ်ပြီလို့ ပြောဆိုထားပေမယ့် လက်ရှိအချိန်မှာတော့ တစ်ယောက်မှ ပြန်လည် ဝင်ရောက်လာသေးခြင်း မရှိပါဘူး။ နိုင်ငံ သဘောတူညီချက်အရ နိုဝင်ဘာလ  ၁၅ ရက်နေ့မှာ လူဦးရေ ၂၀၀၀ ကျော် ပထမဆုံးအသုတ်အဖြစ် ပြန်လည်ဝင်ရောက်ဖို့ မြန်မာအစိုးရဖက်မှ ပြောဆိုထားခဲ့ပေမဲ့ ဒီဇင်ဘာလမှ ဝင်ရောက်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။

တောင်ပြိုစခန်းအနီးမှာရှိတဲ့ နှစ်နိုင်ငံ နယ်နမိတ်မျဉ်းအနီး နေထိုင်ကြသူတွေကတော့ “ သူတို့ အခွင့်အရေးကို လိုချင်တယ်။ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ် ” လို့ ပြောပါတယ်။ သူတို့ စခန်းမှာတော့ လူ ၅ ထောင် ခန့်ရှိပြီး ၂၀၀၀ ကတော့ ကလေးတွေလို့   အဲဒီနေရာမှာနေထိုင်သူ Dil Mohammed က ပြောပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှု ဖြစ်အပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားရာမှာ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။ လက်ရှိအချိန်မှာတော့ အစိုးရအနေနဲ့ အမျိုးသမီးတွေအတွက် ထည့်သွင်း လုပ်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ ဒါတွေက တကယ် အလုပ် ဖြစ်၊ မဖြစ်ဆိုတဲ့အပေါ်မှာတော့ သူကတော့ အခုလိုပဲ သုံးသပ်ပါတယ်။

အမျိုးသမီးအရေး ဆောင်ရွက်နေသူတစ်ဦး ဖြစ်တဲ့ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးများကွန်ရက်မှ ဒေါ်ကက်သလင်းသိန်းက “ ပြင်ဆင်ထားတာတော့ ကျွန်မတို့က အရမ်းလည်း ဝမ်းသာပါတယ်။ ကြိုတင် ပြင်ဆင်ထားတာပေါ့။ တစ်ခုပဲ၊ လောလောဆယ်တော့ စာရေး၊ သောက်ရေးမှာလည်း တစ်ပြိုင်နက်တော့ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်လို့ ကျွန်မပြောချင်တယ်ရှင့်” လို့ ပြောပါတယ်။

လူ ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့တယ်လို့ UN အချက်အလက်များအရ သိရသော်လည်း ကျား၊ မ၊ ကလေးဦးရေ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပေ။ ဘင်္ဂလားဒေ့ရှ်အစိုးရ အဆိုအရ ဒုက္ခသည် စခန်းမှာရှိတဲ့ ဘင်္ဂါလီ အမျိုးသမီး ၇ သောင်းခန့်ဟာ ကလေးမွေးဖွားသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly