ဘရာဇီး ကွင်းလယ်တိုက်စစ် မီလာကို ၁ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်း

ဘရာဇီး ကွင်းလယ်တိုက်စစ် မီလာကို ၁ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်း
Photo: Yangon United

ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရာဇီးကွင်းလယ်တိုက်စစ် မီလာကို ၁ နှစ်စာချုပ်နဲ့ ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မီလာက “ရန်ကုန် ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့အတွက် ပျော်ရွှင်မိပါတယ်။ အသင်းအတွက် တစ်ရာ ရာခိုင်နှုန်းလုပ်အားနဲ့ ပေးဆပ်ပြီး ယှဉ်ပြိုင်သွားပါမယ်။ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ သာမက ပြိုင်ပွဲတိုင်းမှာလည်း အကောင်းဆုံးဖြစ်အောင် ပရိသတ်တွေ ပျော်ရွှင်မှု ရရှိအောင် ယှဉ်ပြိုင်သွားပါမယ်။ ဒါကြောင့် အသင်းရဲ့ ပွဲစဉ်တိုင်းကို လာရောက်အားပေးကြပြီး အသင်းနဲ့အတူ ဒီထက်ပိုကောင်းတဲ့ အောင်မြင်မှုတွေကို ပိုမိုရရှိအောင် လာရောက်အားပေးကြဖို့ ပြောချင်ပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိ မီလာဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို ၂၀၀၇ ခုနှစ်မှာ ဘိုတာဖိုဂို အသင်းရဲ့ လူငယ်အသင်းမှစတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်ထိ ကစားခဲ့ပါတ်။ ၎င်းနောက် ၂၀၁၃ ခုနှစ်မှာ ဘန်ဂိုအသင်း၊ ၂၀၁၄ မှာ ASA-AL အသင်း၊ ၂၀၁၅ မှာ မကာအဲအသင်းနဲ့ ဘွန်ဆူဆက်ဆိုအသင်းတွင် ဝင်ရောက် ကစားခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်မှာတော့ ဘိုဝါ ဗစ်စတာအသင်းမှာ တစ်နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ဘလူမန်နာအူအသင်းမှာ ၂ နှစ်ကြာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

“မနှစ်က အသင်းက ဖလား ၃ လုံးချန်ပီယံ ဖြစ်ထားတယ်ဆိုတာကို သိရှိထားပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း ပိုမိုအောင်မြင်တဲ့ လမ်းကြောင်းတွေကို လျှောက်လှမ်းနိုင်ဖို့ အသင်းသားတွေနဲ့အတူ ဒီထက်ပိုကောင်းတဲ့ နေရာ၊ အဆင့်ကို ရောက်ရှိအောင် အကောင်းဆုံးပေးဆပ်ပြီး ကြိုးစားယှဉ်ပြိုင်သွားပါမယ်။”လို့ မီလာက ဆက်လက် ပြောကြားခဲ့ပါတယ်။

ဂီနီနိုင်ငံသား တိုက်စစ်မှူး ဆီလာကို ထပ်မံစာချုပ်ချုပ်ဆိုပြီးနောက် မီလာဟာ ရန်ကုန်အသင်းအတွက် ဒုတိယမြောက် စာချုပ်ချုပ်ဆိုတဲ့ နိုင်ငံခြားသား ကစားသမားတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။

(Source: Yangon United)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly