လူငယ်ကစားသမားဟောင်း သက်ရှိုင်းနောင်ကို ရခိုင်အသင်းထံမှ ၂ နှစ် စာချုပ်ဖြင့် ရတနာပုံအသင်း ပြန်လည်ခေါ်ယူ

လူငယ်ကစားသမားဟောင်း သက်ရှိုင်းနောင်ကို ရခိုင်အသင်းထံမှ ၂ နှစ် စာချုပ်ဖြင့် ရတနာပုံအသင်း ပြန်လည်ခေါ်ယူ
Photo: Yadanarbon FC

ရတနာပုံအက်ဖ်စီအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်တဲ့ မန္တလေးသား သက်ရှိုင်းနောင်ကို ရခိုင်ယူနိုက်တက်အသင်းထံမှ ပြန်လည်ခေါ်ယူခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

လူငယ်ကစားသမား သက်ရှိုင်းနောင်မှာ ဘယ်တောင်ပံမှာ ခြေစွမ်းပြ ကစားနိင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လိုအပ်ရင် ဘယ်နောက်ခံနေရာထိပါ ဆင်းကာ ကစားပေးနိင်သူတစ်ဦးဖြစ်ပါတယ်။

သက်ရှိုင်းနောင်က မိခင်ကလပ်အသင်းဖြစ်တဲ့ ရတနာပုံအက်ဖ်စီအသင်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့မှုအပေါ် သူရဲ့ခံစားမှုကို အခုလိုပြောခဲ့ပါတယ်။

“ကျနော်ရဲ့မိခင်ကလပ်အသင်းကို ပြန်လည်ရောက်ရှိလာလို့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ရတနာပုံအသင်းကြီးနဲ့အတူ ကျနော်ရဲ့ အမှတ်တရ ပျော်စရာတွေအများကြီးရှိခဲ့ပါတယ်။ လူငယ်အသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သလို အသင်းကြီးနဲ့လည်း ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ဒါတွေက ပြောပြလို့မရနိင်တဲ့ ကျေနပ်ဝမ်းသာမှုတွေပါ။ အသင်းကို စတင်ခွဲခွာခဲ့ရချိန်မှာ ငါတနေ့ ငါ့မိခင်အသင်းကြီးကို ပြန်လည်ရောက်ရှိအောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ပါတယ်။ အခုဒီဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ။ ကျနော်ရဲ့ မိခင်အသင်းအတွက် ပေးဆပ်ဖို့ အချိန်တွေ ကျရောက်လာလို့ အရမ်းဝမ်းသာပါတယ်”လို့ ၎င်းက ဆိုပါတယ်။

ရတနာပုံ အက်ဖ်စီအသင်းမှာ သက်ရှိုင်းနောင်ကို (၂)နှစ် စာချုပ်သက်တမ်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ ရတနာပုံလူငယ်အသင်းနဲ့အတူ ၂၀၁၃ ခုနှစ်မှာ ချန်ပီယံဆုဖလား၊ ၂၀၁၄ ခုနှစ်မှာလည်း ရတနာပုံ အက်ဖ်စီ အသင်းကြီးနဲ့အတူ ချန်ပီယံ ဆုဖလားတို့ကို ဆွတ်ခူးရရှိခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly