အကျဉ်းထောင်မှာ လာတွေ့တဲ့ အမျိုးသမီးကို သတ်ဖြတ်လိုက်တဲ့ မူးယစ်ရာဇာအား ပါရာဂွေးက ဘရာဇီးထံ တရားခံ လွှဲပြောင်းပေးပို့

အကျဉ်းထောင်မှာ လာတွေ့တဲ့ အမျိုးသမီးကို သတ်ဖြတ်လိုက်တဲ့ မူးယစ်ရာဇာအား ပါရာဂွေးက ဘရာဇီးထံ တရားခံ လွှဲပြောင်းပေးပို့
Photo: EPA

ပါရာဂွေးအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ဘရာဇီးမူးယစ်ရာဇာကို ပါရာဂွေးသမ္မတ မာရီယိုအက်ဒိုဘန်နီတက်ဇ် အမိန့်နဲ့ပဲ တနင်္လာနေ့မှာ ဘရာဇီးနိုင်ငံထံ အလျင်အမြန် တရားခံ လက်လွှဲပေးအပ်လိုက်ပါတယ်။

နိုင်ငံရင်း ဘရာဇီးထံ တရားခံလွှဲပြောင်းပေးအပ်တာ မခံရအောင် ဘရာဇီး မူးယစ်ရာဇာ မာစီလိုပင်ဟိုင်းရိုဟာ အကျဉ်းထောင်မှာ သူဆီ လာတွေ့တဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

ဒီလို လူသတ်မှု ကျူးလွန်ပြီးနောက်မှာတော့ မူးယစ်ရာဇာ မာစီလိုကို ပါရာဂွေးနိုင်ငံဟာ တက်သုတ်ရိုက်ပြီး တရားခံ လွှဲပြောင်းပေးလိုက်တော့တာပဲ ဖြစ်ပါတယ်။

မာစီလိုပီလိုတိုလို့လည်း နာမည်ရတဲ့ မူးယစ်ရာဇာ မာစီလိုပင်ဟိုင်ရိုကို တနင်္လာနေ့ နံနက်အစောပိုင်းမှာ ရဲစခန်းကနေ လေဆိပ်ဆီ အစောင့်အကြပ်ထူထပ်စွာနဲ့ ပို့ဆောင်ခဲ့ပါတယ်။

အဲဒီကတစ်ဆင့် ဘရာဇီးထံကို ပို့ဆောင်မှာဖြစ်ပြီး မာစီလိုအနေနဲ့ ဘရာဇီးနိုင်ငံမှာ အန္တရာယ်အကြီးဆုံး အကျဉ်းသားတွေကို ထားရှိရာ လုံခြုံရေးအတင်းကြပ်ဆုံး အကျဉ်းထောင်မှာ ချုပ်နှောင် ထားခံရမှာပါ။

မူးယစ်ရာဇာ မာစီလိုကို ဘရာဇီးထံ တရားခံလွှဲပြောင်းပေးဖို့ ဥပဒေ လုပ်နည်းလုပ်ထုံးတွေ အများစု ကျန်ရှိနေသေးပေမယ့် ခုတော့ ရုတ်ခြည်းဆိုသလိုပဲ လွှဲပြောင်းပေးလိုက်ရတာဖြစ်ကြောင်း ပါရာဂွေးသမ္မတက သတင်းထောက်တွေကို ဝန်ခံပြောပါတယ်။

မာစီလိုထံ လာတွေ့တဲ့ အသက် ၁၈ နှစ် လီဒီယာမီဇာဆိုတဲ့ အမျိုးသမီးနဲ့ မာစီလိုတို့ဟာ ဘယ်လိုဆက်ဆံရေး ရှိသလဲဆိုတာကိုလည်း ပါရာဂွေးက ဆက်လက်စုံစမ်းလျက် ရှိနေပါတယ်။

မာစီလိုဟာ သူ့ကို လာတွေ့တဲ့ မီဇာကို လက်သီးနဲ့ ထိုးပြီး အကျဉ်းသားတွေ လျှို့ဝှက်ဆောင်ထားတတ်တဲ့ ဓားနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ပါရာဂွေးရဲဌာနကတော့ မာစီလိုဟာ ဘရာဇီးထံ တရားခံလွှဲပြောင်းပေးအပ်ခံရမှာကို ရှောင်ရှားလိုတာကြောင့် ခုလို လူသတ်မှု ကျူးလွန်လိုက်တာဖြစ်တယ်လို့ မှတ်ချက်ချထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly