ဘင်္ဂါလီ ၁၀၆ ဦးနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဒေါက်တာဝင်းမြတ်အေး ပြော

ဘင်္ဂါလီ ၁၀၆ ဦးနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဒေါက်တာဝင်းမြတ်အေး ပြော

နေပြည်တော်၊ နိုဝင်ဘာလ ၁၉ ။           ။ ကျောက်တန်းမြို့နယ်သို့ ရောက်ရှိလာသည့်  ဘင်္ဂါလီ ၁၀၆ ဦးနှင့် ပတ်သက်ပြီး  ရခိုင်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

“ အဲ့ဒါကို ပြန်စိစစ်လိုက်တော့ ရွာက ၄၀ ရှိတယ်။ စစ်တွေ Camp ၆၆ ယောက် ရှိတယ်။ အဲ့တော့ သူ့နေရာသူ ပြန်ရောက်သွားတာပေါ့။ လူကုန်ကူးခံရတာလားဆိုတာကို လုပ်နေတဲ့အဖွဲ့က လုပ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပါတာကတော့ လူမှုဝန်ထမ်းက ဦးအောင်ကျော်မိုး ဒုညွှန်ချုပ်က အတွင်းရေးမှူးအနေနဲ့ ပါတယ်။ ဦးဇော်သက်နှင်းက ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်နေတယ်။ ဒီကိစ္စတွေကို စိစစ်ဆောင်ရွက်နေတယ်။ အဲ့ဒီအတွက်ကတော့ ကျွန်တော်ကတော့ ပြန်လည်နေရာချထားရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့တာတို့၊ သူ့နေရာ ပြန်ရောက်အောင် စီစဉ်ဆောင်ရွက်တာတို့ လိုအပ်တဲ့ပံ့ပိုးကူညီမှုပေးတာတို့ ဒါတွေပဲ ကျွန်တော် တို့က လုပ်ပေးနေပါတယ်။ အနုစိတ်တွေတော့ ကျွန်တော်က မသိသေးဘူး။ ရက်ကလည်း ကပ်နေတော့၊ ဒီ Report တွေလည်း မဖတ်ရသေးလို့ပါ။ ဒီကိစ္စမှာ ကျွန်တော်သိတဲ့အပိုင်းလေးပဲ ဆောင်ရွက်ရသေးတယ်။ Report တွေ လည်းမဖတ်ရသေးဘူး” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လူ ၁၀၆ ဦး ပါဝင်သော ရေယာဉ်သည် နိုဝင်ဘာလ ၁၆ ရက်က ကျောက်တန်းမြို့အနီး ပင်လယ်ပြင်တွင် ဆီပြတ်နေစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါလူများအနက် လူ ၆၀ ကျော်သည် စစ်တွေအနီးရှိ ဒုက္ခသည်စခန်းများမှ ဖြစ်ပြီး ကျန် ၄၀ မှာ ရွာများမှ ဖြစ်သည်ကို စီစစ်တွေ့ရှိရကြောင်း ဝန်ကြီးက ယနေ့ နေပြည်တော်တွင် ပြောကြားသည်။

“ သို့သော် ကျွန်တော်သိတာက ၄၀ ကတော့ ရွာတွေက ဖြစ်တယ်။ ၆၀ ကျော်ကတော့ စစ်တွေ Camp တွေက ဖြစ်တယ်ဆိုတာပဲ သိရတယ်။ ဒီကန့်တွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။ တစ်နိုင်ငံလုံး ကန့်တွေကို လူကယ်ပြန်ဝန်ကြီးဌာနက ဆောင်ရွက်နေတာ ရှိတယ်။ အထူးသဖြင့်တော့ Camp တွေကတော့ ပြည်နယ် အစိုးရကနေ တာဝန်ယူပြီးတော့ ဆောင်ရွက်နေ တယ်။ ကျွန်တော်တို့ကနေ ပြည်နယ် အစိုးရကို ထောက်ပံ့ နေတာတွေ ရှိတယ်။ နောက်ပြီး ကျန်တဲ့နိုင်ငံတကာ အဖွဲ့အစည်းကလည်း စစ်တွေမြို့ပေါ်မှာ ရှိနေတဲ့ Camp တွေက နိုင်ငံတကာအဖွဲ့အစည်းရဲ့ အထောက်အပံ့ ရတုန်း၊ လုံလောက်မှုမရှိဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ၁၀၆ ဦးသည် အောက်တိုဘာလ ၂၃ ရက်က စစ်တွေမြို့အနီးရှိ စခန်းများမှ ထွက်ခွာလာခြင်းဖြစ်ပြီး တစ်ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကာ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပေါက်တော မြို့နယ်တွင်လည်း ရဲမှ သွားရောက်ဖမ်းဆီးစဉ် လူစုလူဝေးဖြစ်လာ၍ သေနတ်ပစ်ဖောက်ဖမ်းဆီးခဲ့ရသည်ဟု ကြားသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly