ဘတ်ဂျက်တောင်းခံမှုများသည့် အချက်များပါ အစီရင်ခံစာအား တိုင်းလွှတ်တော်သို့ တင်သွင်း

By စည်သူမောင်မောင်မောင်
19 November 2018
ဘတ်ဂျက်တောင်းခံမှုများသည့် အချက်များပါ အစီရင်ခံစာအား တိုင်းလွှတ်တော်သို့ တင်သွင်း

ပုသိမ်၊ နိုဝင်ဘာ ၁၉ ။           ။ ညွှန်ကြားရေးမှူးရုံးများ ဆေးသုတ်ခြင်းကို ဘဏ္ဍာငွေ ကျပ် ၆ သန်း တောင်းခံထားခြင်းအပါအဝင်  ၅ မြို့နယ်ရှိ လမ်းဦးစီးဌာနလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ ကွင်းဆင်းစီစစ်ချက်အစီရင်ခံစာအား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သည်။

အဆိုပါ အစီရင်ခံစာကို ပြည်သူ ့ငွေစာရင်း၊ စီမံကိန်းနှင ့်ဘဏ္ဍာရေး ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးရာကော်မတီမှ ့ယနေ့ နိုဝင်ဘာလ ၁၉ ရက်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ပုသိမ်မြို့နယ်နှင့် မြောင်းမြမြို့နယ်များရှိ လမ်းဦးစီးဌာနလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို စစ်ဆေးခဲ့ခြင်း တွေ့ရှိချက်များ ဖြစ်သည်။

“ပုသိမ်မြို့ဝင်လမ်းခင်းတဲ့နေရာမှာလည်း GRF တုန်းက တောင်းတယ်။ ၁ ဖာလုံနဲ ့၁.၅ ဖာလုံကြားထဲမှာ တောင်းထားတယ်။ ဘတ်ဂျက် တော်တော်လေး ကွာဟချက်ကို တွေ ့ရတယ်။ အဓိက တွေ ့တာ လုပ်ငန်း အားနည်းချက်တော့ တွေ ့တယ်။ အဲဒီအထဲမှာ အရေးကြီးဆုံးချွတ်ချော်မှုက ပုသိမ်မှာဆို ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က လုပ်ခဲ့တဲ့လုပ်ငန်းကို မီနီဘတ်ဂျက်မှာ ပြန်တောင်းထားတာ၊ လက်ထောက်ညွန်ကြားရေးမှူးရုံးနဲ့ ညွန်ကြားရေးမှူးရုံး ဆေးသုတ်ခြင်းလုပ်ငန်း နှစ်ခုလုံးကို ဘဏ္ဍာငွေ ကျပ် ၆ သန်းကို တောင်းခံထားတာပေါ့။ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ တွေ ့ရတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပြည်သူ ့ငွေစာရင်း၊ စီမံကိန်း နှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်ရီရီထွန်း က ပြောသည်။

မြောင်းမြို့နယ်၊ လမ်းဦးစီးပိုင် မြေကွက် ၃ ခုအား ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းသည် လူနေထိုင်ခြင်းလည်း မဟုတ်ဘဲ ကျူးကျော်ရန်အား ကာကွယ်နိုင်ရန် ဆောင်ရွက်ရာတွင် ကျပ် သိန်း ၄၄၀ ကျော်အကုန်အကျခံပြီး လုပ်ခြင်းမှာ မသင့်လျော်ဘဲ ကုန်ကျမှုနည်းသည့် အခြားနည်းဖြင့်သာ ဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာငွေများ လေလွင့်မှု နည်းပါးအောင် ဆောင်ရွက်သင့်ကြောင်းကို ကော်မတီက အကြံပြုထားသည်။

ဌာနမှ တင်ပြတောင်းခံသော ဘဏ္ဍာငွေခွဲဝေမှုအချိုးများတွင် သာမန်အသုံးစရိတ်ထဲမှ ၀၄၀၂ ခေါင်းစဉ်ဖြင့် လမ်းများ ပြင်ဆင်ထိန်းသိမ်းစရိတ်များထည့်သွင်း များပြားစွာ တောင်းခံထားရာတွင် လမ်းပိုင်းအရှည် ရှိသလောက်ကြားတွင် ပြုပြင်ထိန်းသိမ်းရန် စုတောင်းခံထားသည်ကို တွေ ့ရှိရပြီး အမှန်တကယ် လုပ်၊ မလုပ် မသိရှိရ၊ မည်သည့်မိုင်တိုင်မှ မည်သည့်မိုင်တိုင်အတွင်းဟု တိတိကျကျဖော်ပြပြီး တောင်းခံသင့်ကြောင်းကိုလည်း ကော်မတီက အစီရင်ခံစာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

တွက်ချက်မှုစရိတ်များသည် အလွန်များနေသောကြောင့် အမှန်ကုန်ကျမည့်တွက်ချက်မှုအား ဒေသ ပေါက်စျေး နှင့်အညီသာ ဆောင်ရွက်သင့်ပါကြောင်းနှင့် တည်ဆောက်ရာတွင်လည်း လမ်းကြောင်း အခြေအနေ များပေါ် မူတည်ပြီး ဖြစ်သင့်သည့် ဒီဇိုင်းကိုသာ တွက်ချက်ဆောက်လုပ်ရန် သုံးသပ် အကြံပြုထားသည်။

ပြည်သူ ့ငွေစာရင်း၊စီမံကိန်းနှင့်ဘဏ္ဍာရေး ၊စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးရာကော်မတီ သည် စက်တင်ဘာလ ၈ ရက်၊ ၂၀၁၈ မှ စက်တင်ဘာလ ၁၂ ရက်အထိ ကွင်းဆင်း စိစစ်တွေ ့ရှိချက်များ၊ သုံးသပ်ချက်များအား လွှတ်တော်တွင် မှတ်တမ်းတင်ပေးရန် တင်ပြပြီး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ရန် သဘောတူဆုံးဖြတ်ခဲ့ပြီး၊တိုင်းဒေသကြီးအစိုးရသို ့ အထူးအလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ပုသိမ်မြို့နယ်နှင့် မြောင်းမြမြို့နယ်များရှိ လမ်းဦးစီးဌာန လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကော်မတီ ကွင်းဆင်းလေ့လာစိစစ်ခြင်းမျာင့်နှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်သို့တင်သွင်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly