ရွေးကောက်ပွဲ စောပြီးကျင်းပဖို့ တောင်းဆိုနေကြတာဟာ တာဝန်မဲ့တဲ့ လုပ်ရပ်လို့ အစ္စရေးဝန်ကြီးချုပ် ရှုတ်ချ

ရွေးကောက်ပွဲ စောပြီးကျင်းပဖို့ တောင်းဆိုနေကြတာဟာ တာဝန်မဲ့တဲ့ လုပ်ရပ်လို့ အစ္စရေးဝန်ကြီးချုပ် ရှုတ်ချ

ဂျေရုဆလင်၊ နိုဝင်ဘာ ၁၉ ။        ။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ရွေးကောက်ပွဲ စောပြီး ကျင်းပပေးဖို့ တောင်းဆိုနေကြတာတွေဟာ တာဝန်မဲ့တဲ့ လုပ်ရပ်ပဲလို့ တနင်္ဂနွေနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောဆိုသွားခဲ့ပါတယ်။

ဒါအပြင်လည်း ညွန့်ပေါင်းဖွဲ့စည်းမှု အကျပ်အတည်းကြောင့် သူ့အစိုးရအဖွဲ့ ပြုတ်ကျသွားနိုင်တဲ့ ခြိမ်းခြောက်မှု ရှိနေပေမယ့် အစိုးရအဖွဲ့ကို ရှေ့ဆက်သွားမှာ ဖြစ်တယ်လို့လည်း စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ ရွေးကောက်ပွဲ စောပြီး ကျင်းပဖြစ်မဖြစ်ကို စောင့်ကြည့်နေတဲ့ အချိန်မှာ ရုပ်မြင်သံကြားကနေ နေတန်ယာဟုက မိန့်ခွန်းပြောတာဖြစ်ပြီး နိုင်ငံရဲ့ လုံခြုံရေးက အရေးကြီးတာကြောင့် ဒီအတွက်ကြောင့်ပဲ သူ့ရဲ့ ညွန့်ပေါင်းအစိုးရကို ဆက်လက်ဖွဲ့စည်းထားလိုတာဖြစ်ကြောင်း ပြောဆိုပါတယ်။

“နိုင်ငံရဲ့ လုံခြုံရေးဟာ နိုင်ငံရေးဆိုင်ရာ သဘောထားတွေရဲ့ အထက်မှာ ရှိတာဖြစ်တယ်။”လို့ နေတန်ယာဟုက ပြောရင်း ခုချိန်မှာ ရွေးကောက်ပွဲ ကျင်းပရေး တောင်းဆိုနေကြတာတွေဟာ တာဝန်မဲ့သူတွေပဲ ဖြစ်လိမ့်မယ်လို့ အလေးအနက် ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နေတန်ယာဟုဟာ သူ့ရဲ့ စစ်ရေးအတွေ့အကြုံတွေကို ပြောရင်း ခုချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် တာဝန်ခံထားမှာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ အစ္စရေးနိုင်ငံ လက်ရှိကြုံနေရတဲ့ အထိအခိုက်မခံတဲ့ လုံခြုံရေးကိစ္စရပ်ကြောင့် အသေးစိတ်တော့ ပြောနိုင်မှာမဟုတ်ကြောင်း ၎င်းက ဆိုပါတယ်။

ဂါဇာဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေကြားမှာ ၂၀၁၄ ခုနှစ် စစ်ပွဲနောက်ပိုင်း အဆိုးဝါးဆုံး အရှိန်မြင့်နေတဲ့ ထိပ်တိုက်တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ အငြင်းပွားဖွယ် အပစ်ရပ်ရေးကို နှစ်ဖက်သဘောတူခဲ့ကြပါတယ်။

ဒီအပစ်ရပ်ရေး သဘောတူညီချက်ကြောင့် သက်တမ်းရှည်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူ နေတန်ယာဟုဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ ဒီအပစ်ရပ် သဘောတူညီချက်ကို လက်သင့်မခံတာကြောင့် ကာကွယ်ရေးဝန်ကြီး လိုင်ဘာမန်းဟာ ဗုဒ္ဓဟူးနေ့မှာ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး နုတ်ထွက်တာနဲ့ အတူ သူ့ရဲ့ Yisrael Beitenu ပါတီလည်း ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ နုတ်ထွက်ခဲ့တာကြောင့် နေတန်ယာဟုအစိုးရအဖွဲ့အတွက် အကျပ်အတည်းဆိုက်ရပြီး ရွေးကောက်ပွဲ စောပြီး ကျင်းပလာရလိမ့်မယ်လို့ ထင်မြင်နေကြတာလည်း ဖြစ်ပါတယ်။
Netanyahu ,'irresponsible

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly