ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ လူသေဆုံးမှု ဖြစ်ပွား

ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ လူသေဆုံးမှု ဖြစ်ပွား

မကွေး၊ နိုဝင်ဘာ ၁၉ ။          ။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာရှိ ရွာမ (၈) လမ်းတွင် နိုဝင်ဘာ (၁၈) ရက်ညပိုင်းက ညီအစ်ကိုချင်းစကားများရန်ဖြစ်ပြီး ဝါးတုတ်ဖြင့်ရိုက်ကြရာမှ တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပဒါန်း နယ်မြေရဲစခန်းမှသိရသည်။

“ပဒါန်းကျေးရွာ ရွာမရပ်က ဦးတင်လှိုင်အိမ်မှာ ညပိုင်းက သူ့သားနှစ်ယောက် သူတို့အိမ်ရှေ့မှာပဲ စကားများ ရန်ဖြစ်ကြတယ်။ ဝါးတုတ်တွေနဲ့ ရိုက်ကြတယ်။ တစ်ယောက်သေဆုံးသွားပါတယ်” ဟု ပဒါန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက အတည်ပြုပြောသည်။

ဖြစ်စဉ်မှာ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာရှိ ၊ ရွာမ( ၈)လမ်းတွင်နေထိုင်သော ဦးတင်လှိုင်သည် နေအိမ်အပေါ်ထပ်၌ သားဖြစ်သူ ဝင်းနိုင်၊ လှမိုးတို့နှင့် အတူရှိနေစဉ် အဆိုပါနေ့ ည (၁၁) နာရီအချိန့်တွင် နေအိမ်အောက်ထပ်တွင် နေထိုင်သော အောင်မိုးမှ အရက်မူးဆဲဆိုပြီး ပိုက်ဆံတောင်းရာ လှမိုးမှဘာဖြစ်လို့ပိုက်ဆံပေးတာလဲ။ အဆိပ်ပင် ရေမလောင်းနဲ့ဟု ပြောဆို၍နေအိမ်အောက်သို့ ဆင်းလာရာ အောင်မိုးမှ မင်းနဲ့ဘာဆိုင်လို့လဲ၊ သေချင်လို့လား၊ ထွက်ခဲ့ဟု ပြောဆိုပြီး အချင်း(၁)လက်မခန့်၊ အရှည် (၃)တောင်ခန့်ရှိ ဝါးတုတ်အားကိုင်၍ နေအိမ်အရှေ့သိုု့ ထွက်လာကြောင်း သိရသည်။

ထိုစဉ် လှမိုးမှလည်း နေအိမ်နောက်ဖေးသို့ သွားရောက်ပြီး အချင်း(၁)လက်မခန့်၊ အရှည်(၃)တောင်ခန့်ရှိသော ဝါးလုံးတုတ်အား ကိုင်ပြီး နေအိမ်အရှေ့တွင် ညီအစ်ကိုချင်း အပြန်အလှန်ရိုက်နှက်ကြကြောင်း၊ ထိုသို့ဖြစ်ပွား နေစဉ် အပေါ်ထပ်ရှိသားဖြစ်သူမှ ညီအစ်ကိုချင်းရန်ဖြစ်တာ မသွားနဲ့ဟု တားမြစ်ခဲ့သဖြင့် ဦးတင်လှိုင်မှာ လှေကားခြေရင်း၌ ရပ်ကြည့်နေခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီးနောက် အောင်မိုးမှာ နေအိမ်အရှေ့ မြေပြင် ပေါ်သို့လဲကျသွားပြီးနောက် ကျန်သူများမှာအိပ်ရာဝင်ခဲ့ကြောင်း၊ နံနက်မိုးလင်းအိပ်ရာမှနိုး၍ နေအိမ် အောက်သို့ ဆင်းလာခဲ့ရာ အောင်မိုးမှာ အခင်းဖြစ်ညကလဲကျသည့်နေရာ၌ ဦးခေါင်းနောက်စေ့ (၂)လက်မခန့် ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ညိုမဲဒဏ်ရာ(၂)ချက်၊ ဝဲဘက်နားသွေးထွက်ဒဏ်ရာတို့ရရှိပြီး သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူဦးတင်လှိုင်မှ ပဒါန်းနယ်မြေရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် လှမိုးအား ဖမ်းဆီးကာ (ပ)၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly