ATP Finals ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဆုဖလားကိုင်မြှောက်ခဲ့တဲ့ ဇဗားရက်

ATP Finals ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဆုဖလားကိုင်မြှောက်ခဲ့တဲ့ ဇဗားရက်
Photos: EPA

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ATP Finals championship (ATP World Tour Finals) ရဲ့ ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ်တစ် နိုဗက်ဂျိုကိုဗစ်ကို အလက်ဇန်ဒါး ဇဗားရက်က ၆-၄၊ ၆-၃ နဲ့ အနိုင်ယူခဲ့ပြီး ဇဗားရက်ရဲ့ ကစားသမားဘဝ အရေးကြီးဆုံး ဆုဖလားကို ဆွတ်ခူးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂျာမန်တင်းနစ်ကစားသမားဟာ ၂၀၁၈ တင်းနစ်ရာသီအတွင်း နောက်ဆုံး ATP Finals ပွဲစဉ်ကို ကစားရဖို့  ၉ နှစ်အတွင်း ဝင်ရောက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားလည်းဖြစ်ပါတယ်။

ဇဗားရက်ဟာ ဂရင်းစလင်းချန်ပီယံဆု ၁၄ ကြိမ်ရရှိထားတဲ့ ဆာဗီးယားကစားသမား ဂျိုကိုဗစ်ကို အနိုင်ယူခဲ့မှုနဲ့အတူ ဒီနှစ်အကုန် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၄ နေရာကို တက်ရောက်မှာဖြစ်ပါတယ်။ တောက်ပလာတဲ့ကြယ်ပွင့်ကစားသမားဟာ စနေနေ့က ဆွစ်ဇလန်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ တင်းနစ်သမား ဖက်ဒါရားကို ၇-၅၊ ၇-၆ (၇-၅) နဲ့ အနိုင်ကစားကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

“ကျနော် ဒီပွဲအနိုင်ရခဲ့တာကို တကယ် မပြောပြနိုင်လောက်အောင်ဖြစ်ခဲ့ပါတယ်။ ဒါဟာကျနော် ရရှိခဲ့တဲ့ ဆုဖလားတွေထဲက အကြီးဆုံးဆုဖြစ်ပါတယ်။”လို့ ဇဗားရက်က လန်ဒန်ရဲ့ O2 Arena မှာ ပြုလုပ်တဲ့ ဆုဖလားချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဂျိုကိုဗစ်ကလည်း “ကျနော် ခင်ဗျားကို ဂုဏ်ပြုပါတယ်။ ခင်ဗျားဟာ ဒီပွဲအတွက် အနိုင်နဲ့ ထိုက်တန်ပြီး ကောင်းကောင်း ကစားခဲ့တယ်။ ခင်ဗျားဟာ အတော်လေး ငယ်ရွယ်နေတုန်းဖြစ်ပြီး အံ့သြဖွယ်ကောင်းတဲ့ ကစားသမားဘဝတစ်ခု ပိုင်ဆိုင်ထားပါတယ်။”လို့ ပြိုင်ဘက်ကစားသမားကို ချီးကျူးပြောဆိုခဲ့ပါတယ်။

၂၀၁၈ တင်းနစ်ရာသီအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သူ ၈ ဦးကို ပြန်လည်စုစည်းကာ ဗိုလ်လုပွဲ (ATP Finals) ကို အုပ်စု A နဲ့ အုပ်စု B နှစ်ခုခွဲပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၈ ဦးထဲမှ နံပါတ် ၂ နေရာက ရာဖေးလ် နဒါးလ် နှုတ်ထွက်ခဲ့တာကြောင့် အဆင့် ၈ အပြင်ဘက် နံပါတ် ၉ နေရာမှ ဂျွန်အစ္စနာက ATP Finals ကို ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

“နောက်ဆုံး ၁၁ နှစ် ချန်ပီယံများ”

၂၀၀၈ - ဂျိုကိုဗစ် (ဆားဘီးယား)
၂၀၀၉ - ဒေဗီဒန်ကို (ရုရှား)
၂၀၁၀ - ဖက်ဒါရာ (ဆွစ်ဇာလန်)
၂၀၁၁ - ဖက်ဒါရာ (ဆွစ်ဇာလန်)
၂၀၁၂ - ဂျိုကိုဗစ် (ဆားဘီးယား)
၂၀၁၃ - ဂျိုကိုဗစ် (ဆားဘီးယား)
၂၀၁၄ - ဂျိုကိုဗစ် (ဆားဘီးယား)
၂၀၁၅ - ဂျိုကိုဗစ် (ဆားဘီးယား)
၂၀၁၆ - မာရေး (ဗြိတိန်)
၂၀၁၇ - ဒီမီတိုဗ် (ဘူလ်ဂေးရီးယား)
၂၀၁၈ - ဇဗားရက် (ဂျာမနီ)

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly