ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကို ထိုင်းဒိုင်လူကြီးများ ကိုင်တွယ်မည်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကို ထိုင်းဒိုင်လူကြီးများ ကိုင်တွယ်မည်
မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲတွင် ရတနာပုံနှင့် ဧရာဝတီတို့ဆုံတွေ့ခဲ့စဉ်။(ဓာတ်ပုံ- ဧရာဝတီယူနိုက်တက်)

စက်တင်ဘာ ၂၆၊ ရန်ကုန်။         ။ စက်တင်ဘာ ၂၇ရက်(ယနေ့)တွင် ကစားမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဗိုလ်လုပွဲကို ထိုင်းနိုင်ငံမှ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးများတာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။

ရတနာပုံနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ကစားမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဗိုလ်လုပွဲတွင် နှစ်ဖက်အသင်းများနှင့်ပရိသတ်များအကြား အငြင်းပွားမှုများမဖြစ်ပေါ်စေရန်အတွက် ထိုင်းဒိုင်လူကြီးများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စရိတ်ဖြင့် ငှားရမ်းအသုံးပြုခြင်းဖြစ်သည်ဟု ဘောလုံးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်ကပြောသည်။ “ဒီပွဲက ဗိုလ်လုပွဲဆိုတော့အရေးကြီးတယ်။ ဒါကြောင့် ထိုင်းဒိုင်တွေကို ငှားရမ်းခဲ့တာပါ။ ကုန်ကျစရိတ်တွေအားလုံးကို ဘောလုံးအဖွဲ့ချုပ်က အကုန်အကျခံ တာပါ။ ပရိသတ်တွေလဲ ဒီပွဲကို လာအားပေးမယ်လို့ မျှော်လင့်ပါတယ်။” ဟု ၎င်းကပြောသည်။

ရတနာပုံအသင်းမှာ အသင်းသမိုင်းတလျှောက်ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီအသင်းမှာမူ သုံးကြိမ်မြောက်ဗိုလ်လုပွဲတက်နိုင်ခြင်းဖြစ်သည်။

ယခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲမည့်အသင်းမှာ လာမည့်နှစ် AFC Cup ပြိုင်ပွဲနှင့် ဗီယက်နမ် BTV Cup ဖိတ်ခေါ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly