တရုတ်၊ အမေရိကန် အကွဲအပြဲကြောင့် အေပက်အစည်းအဝေးမှာ ပူးတွဲထုတ်ပြန်ချက် မထွက်လာပဲ ပြီးဆုံး

တရုတ်၊ အမေရိကန် အကွဲအပြဲကြောင့် အေပက်အစည်းအဝေးမှာ ပူးတွဲထုတ်ပြန်ချက် မထွက်လာပဲ ပြီးဆုံး
Photo: EPA

ကိုလံဘို၊ နိုဝင်ဘာ ၁၇ ။       ။ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်ကြား သဘောထားကွဲလွဲမှုကြောင့် ပါပူဝါနယူးဂီနီမှာ ကျင်းပတဲ့ အေပက်ထိပ်သီးညီလာခံဟာ ခေါင်းဆောင်တွေကြား တရားဝင် ထုတ်ပြန်ချက် မထုတ်ပြန်နိုင်ဘဲ တနင်္ဂနွေနေ့မှာ ပြီးဆုံးသွားခဲ့ရပါတယ်။

၀ါရှင်တန်နဲ့ ပေကျင်းကြားက ကုန်သွယ်ရေးတင်းမာမှုဟာ ထိပ်သီးအစည်းအဝေးကြီးကို ရုပ်ပျက်စေကြောင်း၊ ဒေသတွင်း စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေကြောင်း ပါပူဝါနယူးဂီနီ ဝန််ကြီးချုပ် ပီတာအိုနေးက မီဒီယာကို ပြောပါတယ်။

ပူးတွဲထုတ်ပြန်ချက်ရဲ့ အကြောင်းအရာပေါ်မှာ သဘောတူညီမှု မရှိတာကြောင့် ခေါင်းဆောင်တွေက နောက်ဆုံးပူးတွဲထုတ်ပြန်ချက်ကို ထုတ်ပြန်နိုင်ခြင်း မရှိခဲ့တာဖြစ်တယ်လို့ တရုတ်ကိုယ်စားလှှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရှောင်လုံဝန်က ဆိုပါတယ်။

ဒီလို တရားဝင်ပူးတွဲထုတ်ပြန်ချက် မထုတ်ပြန်နိုင်ခဲ့တာအတွက် အဲဒီအစား အစည်းအဝေးမှာ တက်ရောက်လာတဲ့ အဖွဲ့ဝင်တွေကို ကိုယ်စားပြုတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကိုတော့ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ အိုနေးက ပြောပါတယ်။

တရားဝင် ပူးတွဲထုတ်ပြန်ချက်က စာပိုဒ်နှစ်ပိုဒ်ကို တရုတ်က ပယ်ဖျက်လိုတာကြောင့် ခုလို ပူးတွဲထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ကြောင်း သြစတြေးလျမီဒီယာတွေဆီ သတင်းပေါက်ကြားခဲု့ပါတယ်။

အခု အေပက်အစည်းအဝေးကို တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ် ခင်းနေကြတဲ့အချိန်မှာ ကျင်းပလာတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ တရုတ်နဲ့ အမေရိကန်ဟာ ဒေသတွင်း ၎င်းတို့ရဲ့ သြဇာလွှမ်းမိုးရေးကို ကျားကုတ်ကျားခဲ ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly