ပုဂံ၊ ညောင်ဦးဒေသတွင် E Bike တွင်ကျယ်လာ၍ မြင်းလှည်းမောင်းသူများ အခက်ကြုံနေ

ပုဂံ၊ ညောင်ဦးဒေသတွင် E Bike တွင်ကျယ်လာ၍ မြင်းလှည်းမောင်းသူများ အခက်ကြုံနေ

နိုဝင်ဘာ ၁၈။ ။ ပုဂံ၊ ညောင်ဦးသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအနေဖြင့် E Bike ကို အသုံးပြုမှုများလာသည့်အတွက် မြင်းလှည်းမောင်းသူများမှာ ယခင်လို တွက်ခြေမကိုက်တော့ဘဲ အခက်တွေ့နေကြရသည်။

ယခင်က ထိုဒေသများသို့ လည်ပတ်ရာတွင် မြင်းလှည်းသည် ဆွဲဆောင်မှုတစ်ခုဖြစ်သည့်အပြင် ကားလမ်းဖြင့် မပေါက် ရောက်နိုင်သော နေရာများသို့ အဓိက သယ်ယူ ပို့ဆောင်ရေးတစ်ခုအဖြစ် ရှိ်နေခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် ဘတ်ထရီဆိုင်ကယ် (E Bike) ကို အသုံးပြုမှု တွင်ကျယ်လာကြသည်ကို တွေ့ရသည်။

“E bike ဆိုင်ကယ်တွေပေါ်လာတော့ ကျွန်တော်တို့ မြင်းလှည်းတွေမှာ အငှားလိုက်ရတာ နည်းသွားတာပေါ့။ အရင် တုန်းကတော့ မဆိုးဘူး။ အခု E bike တွေပေါ်လာတော့ တစ်ခါတစ်လေ မြင်းစာဘိုးတောင် မရတဲ့နေ့တွေ ရှိတယ်။” ဟု ပုဂံမြို့ဟောင်းမှ မြင်းလှည်းမောင်း သက်တမ်း (၂၅) ခန့် ရှိသူ ဦးတင်ဝင်းက မဇ္စျိမသို့ ပြောသည်။

စျေးနှုန်းအားဖြင့်လည်း တစ်နာရီလျှင် ကျပ် ၁၀၀၀၀ ပေးရသည့် မြင်းလှည်းများအစား တစ်ရက်လျှင် ငှားရမ်းအသုံးပြုခ ကျပ် ၇၀၀၀ သာ ပေးရသည့် ဘတ်ထရီဆိုင်ကယ် (E Bike) က ပြည်တွင်း၊ ပြည်ပ ခရီးသွားများ၏ ရွေးချယ်ခွင့် ဖြစ်လာသည်။

“ ပုဂံကို ဧည့်သည် တစ်ပတ် ပတ်စီးရင် တစ်နာရီကို ၁၀၀၀၀ ယူတယ်။ ကားမရောက်တဲ့ နေရာလေးတွေ ပတ်ပေးရတယ်။ မြန်မာဆိုရင် ပုဂံမြို့ဟောင်းလေးတစ်ပတ်ကို ရှစ်ထောင်လောက်ယူတယ်။ အခုဆိုရင် မြင်းလှည်းစီးတဲ့ ခရီးသွား အတော်များများက ပုဂံရောက်တုန်းဆိုပြီး မြင်းလှည်းသီးသန့်စီးတဲ့သူလောက်ပဲ အငှားလိုက်ရတော့တယ်။” ဟု ပုဂံမြို့သစ်မှ မြင်းလှည်းမောင်းသူ ဦးစိုးမြင့်ထွန်းက ပြောသည်။

ပုဂံ ညောင်ဦးတွင် မြင်းလှည်းလိုက်ရာ၌ လည်ခြာနှင့် စိုက်စီး နှစ်မျိုးရှိကြောင်း၊ လည်ခြာဆိုသည်မှာ အချိန်ပိုင်း ၁ နာရီ ပတ်စီးနှင့် နေဝင်ချိန် ဘုရားစုံ လိုက်ပို့ရပြီး ဧည့်သည် ၂ယောက်စီး၍ ရသည်။ စိုက်စီးဆိုသည်မှာ မြင်းလှည်းဖြင့် တစ်နေ့ကုန် လည်ပတ်ခြင်းဖြစ်သည်။

ယခုအခါ စိုက်စီးလှည်းများ လုံးဝတွက်ခြေမကိုက်တော့ကြောင်းလည်း မြင်းလှည်းမောင်းသူများထံမှ သိရသည်။
ပုဂံ ညောင်ဦးဒေသတွင် ခရီးသည်များအတွက် အငှားလိုက်သည့် မြင်းလှည်းအစီးရေ ၂၄၀ ကျော်ခန့် ရှိနေပြီး လက်ရှိတွင် စီးရေ ၂၀၀ ခန့်သာ အငှားလိုက်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly