ဝိနည်းနှင့်မညီဟု ဆိုကာ ဆရာတော်သစ်တင်မြှောက်ဖို့ ဒေသခံတစ်ချို့က ဆန္ဒပြ

ဝိနည်းနှင့်မညီဟု ဆိုကာ ဆရာတော်သစ်တင်မြှောက်ဖို့ ဒေသခံတစ်ချို့က ဆန္ဒပြ

နိုဝင်ဘာ ၁၈။ ။ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စေတော်ဝင် ရွှေပေါ်ကျွန်းသာသနာပြုစခန်း ကျောင်းထိုင်ဆရာတော်အား ဝိနည်းနှင့်အညီ ကျင့်ကြံ သီတင်းသုံး ဆောင်ရွက်မှုများမရှိဟုဆိုကာ ၎င်းနေရာတွင် အခြား ရဟန်းတစ်ပါးဖြင့် အစားထိုးပေးဖို့ ဒေသခံတစ်ချို့က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သော ထိုဆန္ဒဖော်ထုတ်မှုတွင် “စေတော်ဝင် ရွှေပေါ်ကျွန်း သာသနာ တည်တံ့ခိုင်မြဲရေး” ၊ “ဝိနည်းတော်နှင့်အညီ ဦးစီးနာယက ဆရာတော် အသစ်တင်မြှောက်ရေး၊တို့အရေး” ၊ “စေတော်ဝင် သာသနာပြုစခန်း၏ လမ်းစဉ်များအား ဆန့်ကျင် ဆောင်ရွက်သူ အလိုမရှိ” ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။

လက်ရှိသာသနာပြုစခန်းတွင် စီမံအုပ်ချုပ်နေသည့် ဆရာတော်မှာ ကျေးရွာပိုင်မြေများကို သာသနာ့မြေအဖြစ် တိုးချဲ့ခြင်း၊ ကျေးရွာ အများသုံးရေကန်မှ ရေသုံးစွဲခွင့် ပိတ်ပင်ခြင်း၊ လျှပ်စစ်ဖြတ်တောက်ခြင်းများ အပြင် အလှူအတန်းများ ပိတ်ခဲ့ခြင်းကြောင့် ယခုလို ဆန္ဒဖော်ထုတ်၍ တောင်းဆိုလာရခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

"ရေဖြတ်တယ်။ မီးဖြတ်တယ် ဒါမညီညွတ်ဘူးလေ သံဃာတစ်ပါးအနေနဲ့ မလုပ်သင့်တဲ့ ဟာတွေလေ။ အလှူဒါန်း ပိတ်တယ်။ နာရေးပိတ်တယ်။ ဒါတွေဟာ သံဃာတစ်ပါးအနေနဲ့ မလုပ်သင့်တဲ့ဟာလေ။ အဲဒါ ဆရာတော်တစ်ပါးနဲ့ မကိုက် ညီညွတ်တဲ့ သဘောပဲ။ အဲဒါကိုပြောခြင်းဖြစ်ပါတယ်။" ဟု ဆန္ဒပြသူများထဲမှ တစ်ဦးဖြစ်သော ကျေးရွာမီးလင်းရေး ဥက္ကဋ္ဌ ဦးအောင်သန်းက မဇ္စျိမသို့ ပြောသည်။

လက်ရှိ အုပ်ချုပ်နေသည့် ဦးစီး နာယက ဆရာတော်သည် ယခင် စေတော်ဝင် ရွှေပေါ်ကျွန်းသာသနာပြုစခန်း တည်ထောင်ခဲ့သော ရွှေပေါ်ကျွန်းဆရာတော်ဘုရား ပျံလွန်တော်မူပြီး ၁၉၉၉ ခုနှစ်တွင် စတင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆန္ဒပြတောင်းဆိုမှု၏ အကြောင်းအရင်းအမှန်နှင့် ယခုအခြေအနေအပေါ် မိန့်ကြားမှုတစ်စုံတစ်ရာပြုပေးရန် ထိုဆရာတော်အား မဇ္စျိမသတင်းထောက်မှ သွားရောက် တွေ့ဆုံကာ ဆက်သွယ်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ခရီးထွက်နေသဖြင့် ရရှိခဲ့ခြင်း မရှိပါ။

ထိုကျေးရွာနေ ဒေသခံ အသက် ၇၀ ကျော်အရွယ် ဒေါ်နုခင်က "အရင်ဆရာတော်ကြီး ရှိစဉ်က ဆရာတော်ကြီးက ကောင်းစားတော့ ရပ်ရွာလည်းကြည့်တယ်။ အခုတော့ သူလိုတဲ့လူ ငဲ့တယ်။ သူမလိုတဲ့သူဆို မငဲ့ဘူးပေါ့။" ဟု မဇ္စျိမသတင်းထောက်ကို ပြောသည်။

ဆန္ဒပြသူများကတော့ ဆရာတော်အသစ်တစ်ပါးကို တင်မြှောက်နိုင်ဖို့ကို ဆက်လက်ကြိုးပမ်းသွားကြရန်ကိုသာ လိုလားနေကြပြီး ယခုနည်းဖြင့် တစ်လအတွင်း ထိရောက်မှု မရှိပါက မလှိုင်မြို့ပေါ်ထိတက်၍ ဆက်လက် ဆန္ဒပြလှုပ်ရှားမှုများ ဆောင်ရွက်သွားရန် စီစဉ်ထားကြသည်ဟု ဦးဆောင်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required