ရာသီဥတုပြောင်းလဲမှု တားဆီးရေး ဆော်သြထားတဲ့ ဧရာမ ပို့စကတ်ကြီးကို ဆွစ်ဇာလန် ရေခဲတောင်ပေါ်မှာ ဖြန့်ခင်း

ရာသီဥတုပြောင်းလဲမှု တားဆီးရေး ဆော်သြထားတဲ့ ဧရာမ ပို့စကတ်ကြီးကို ဆွစ်ဇာလန် ရေခဲတောင်ပေါ်မှာ ဖြန့်ခင်း

နိုဝင်ဘာ ၁၈ ။             ။ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ကြဖို့ တောင်းဆိုဆော်သြထားတဲ့ ဧရာမ ပို့စကတ်ကြီးတစ်ခုကိုတော့ ဆွစ်ဇာလန် ရေခဲမြစ်တစ်ခုပေါ်မှာ ဖြန့်ခင်း ပြသခဲ့ပါတယ်။

အဆိုပါ အလွန်ကြီးမားတဲ့ ဧရာမ ပို့စကတ်ကြီးပေါ်မှာတော့ ရာသီဥတုပြောင်းလဲခြင်းနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေရဲ့ ရေးဆွဲသရုပ်ဖော်ထားတဲ့ ရုပ်ပုံ၊ စာသားပေါင်း ၁၂၅,၀၀၀ လောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ပို့စကတ်ကြီးဟာ အလွန်အရွယ်အစား ကြီးမားလွန်းတဲ့ ပို့စကတ်ကြီး တစ်ခုအဖြစ်လည်း ကမ္ဘာ့ စံချိန်တင်လိုက်နိုင်တယ်လို့ သိရပါတယ်။

အတိုင်းအတာအားဖြင့် စတုရန်း မီတာ ၂,၅၀၀ ခန့် ( စတုရန်းပေ ၂၆,၉၁၀) ရှိ ယင်းပို့စကတ်ချပ်ပြားကြီးကိုတော့ ဆွစ်ဇာလန် Alps တောင်ပေါ်က အမြင့်ပေ မီတာ ၃,၄၀၀ လောက်က Aletsch ရေခဲတောင် နှင်းထုပေါ်မှာ ဖြန့်ခင်းထားခဲ့တာဖြစ်ပါတယ်။

ဒါဟာ လာမယ့်လ ပိုလန်မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ကွန်းဖရင့် မတိုင်ခင် ကမ္ဘာလုံးဆိုင်ရာ လူငယ်ထုရဲ့ ရာသီဥတု လှုပ်ရှားမှုတစ်ရပ်ကို တွန်းအားပေးလှုံ့ဆော်ဖို့ ယခုလို ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly