စစ်ကိုင်းအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း အိန္ဒိယသို့ ခြေစမ်းပွဲသွားမည်

စစ်ကိုင်းအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း အိန္ဒိယသို့ ခြေစမ်းပွဲသွားမည်

မုံရွာ၊ နိုဝင်ဘာ ၁၈။      ။ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းသည် အိန္ဒိယနိုင်ငံသို့ ယခု နိုဝင်ဘာ နောက်ဆုံးသီပတ်တွင် ခြေစမ်းပွဲသွားရောက်ကစားမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်ကစားရန်အတွက် နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်နေ့များ၌ စီစဉ်ထားခြင်း ဖြစ်သည်။

"စစ်ကိုင်းတိုင်းလက်ရွေးစင်အသင်းအတွက် အတွေ့အကြုံရအောင် တဖက်နိုင်ငံ သွားကစားဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ စခန်းသွင်း လေ့ကျင့်ချိန်ကို တစ်လကျော်ကြာကြာ အချိန်ယူထားပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြမြသွယ်က မဇ္စျိမသို့ ပြောသည်။

ယခုပွဲစဉ်သည် မဏိပူရ်ပြည်နယ်အသင်းနှင့် ဒုတိယအကြိမ်ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ယခင်က မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် ပထမအကြိမ် ကစားဖူးခဲ့သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအမျိုးသမီး လက်ရွေးစင်အသင်းနှင့်အတူ မန္တလေးတိုင်းအမျိုးသမီးလက်ရွေးစင် အသင်းလဲ ပါဝင်သည်ဟု သိရပြီး အိန္ဒိယနိုင်ငံ၏ မဏိပူရ်ပြည်နယ်အသင်းနှင့် ကစားရန် စီစဉ်စားထားခြင်းလည်း ဖြစ်သည်။

စစ်ကိုင်းအမျိုးသမီးလက်ရွေးစင်အသင်းအနေဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် မုံရွာမြို့မှ စတင် ထွက်ခွာမည် ဖြစ်ပြီး ထိုမှတစ်ဆင့် နယ်စပ် တမူးမြို့တွင် တစ်ဖက်နိုင်ငံမှ လာရောက်ကြိုဆိုခေါ်ယူမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ခြေစမ်းပွဲကစားပြီးနောက် နိုင်ငံအတွင်း လည်ပတ်ရန်ကိုပါ စီစဉ်ထားရှိသည်ဟု ထိုဦးစီးဌာနမှ ဆိုသည်။

လက်ရှိတွင် ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ ၁၉ ကစားသမားများနှင့် ကလပ်အသင်းကစားသမားများကို ခေါ်ယူအားဖြည့်ပြီး စခန်းသွင့်လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် ပထမအကြိမ်အဖြစ် မဏိပူရ်ပြည်နယ်အသင်းနှင့် ခြေစမ်းကစားခဲ့စဉ်က စစ်ကိုင်းတိုင်းအမျိုးသမီးအသင်းသည်  ခုနှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly