ဒဂုံမြို့မကျောင်းတွင် မြို့ပြအမွေအနှစ်အထိမ်းအမှတ် ကမ္ဗည်းပြားတပ်ဆင်

ဒဂုံမြို့မကျောင်းတွင် မြို့ပြအမွေအနှစ်အထိမ်းအမှတ် ကမ္ဗည်းပြားတပ်ဆင်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။           ။ မြို့မကျောင်းလို့ခေါ်တဲ့ ဒဂုံမြို့နယ်က အ.ထ.က (၂) မှာ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မြို့ပြအမွေအနှစ်အထိမ်းအမှတ်အဖြစ် အပြာရောင်မ္ဗည်းပြားကိုတပ်ဆင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှာ တပ်ဆင်ခဲ့တာဖြစ်ပြီး အဲ့ဒီ့ပွဲကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူတွေအပြင်၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။

မြို့့မကျောင်းဟာဆိုရင် ၂၃ ခုမြောက် အပြာရောင်မ္ဗည်းပြားကို တပ်ဆင်ခဲ့တဲ့အ ဆောက်အဦဖြစ်ပြီး စိန်ဂျွန်းကျောင်းလို့ လူသိများတဲ့  အ.ထ.က ၁ လမ်းမတော်မှာလည်း တပ်ဆင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“ ဒီကျောင်းဟာအမျိုးသားပညာရေးစနစ်ကို စတင်ပြောင်းလဲတဲ့အခါမှာ ရှေ့ကနေပြီး ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့လည်း ဆက်စပ်တယ်။ ဒီကျောင်းက အစောဆုံး တည်ထောင်ခဲ့တဲ့ အမျိုးသားကျောင်းထဲမှာပါတာဖြစ်တဲ့အတွက် ကျွန်မတို့ ရန်ကုန်မြို့ပြ သမိုင်းမှာလည်း ထူးခြားထင်ရှားတဲ့ ကျောင်းဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ပဲ ဦးစားပေးပြီး တပ်ဆင်တဲ့ထဲမှာ ပါခြင်းဖြစ်ပါတယ် “ လို့ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒါရိုက်တာဖြစ်သူ ဒေါ်မိုးမိုးလွင်က ပြောပါတယ်။

တစ်ချိန်က မြို့မ အမျိုးသားကျောင်းအဖြစ် စတင်တည်ဆောက်ခဲ့တဲ့ ဒဂုံ ၂ ဟာ ခြောက်ဧကကျယ်ဝန်းပြီး ၁၉၂၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီ့ကျောင်းကို ဆောက်လုပ်ခဲ့တဲ့အချိန်က မြန်မာကျပ်ငွေ ၁၀ သိန်းလောက်ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ ရန်ကုန်မြို့မှာ ထူးခြား ထင်ရှားတဲ့ အဆောက်အဦတွေ၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦတွေမှာ အပြာရောင် ကမ္ဗည်းပြားတွေကို လိုက်လံတပ်ဆင်နေပြီး မြို့့ပြ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးစားနေတဲ့အဖွဲ့ လည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required