ရော်ဘာအစေးခံစဉ့်ခွက် မှာယူသူများပြားသော်လည်း လုပ်ကိုင်သူများ နည်းပါးလာ

ရော်ဘာအစေးခံစဉ့်ခွက် မှာယူသူများပြားသော်လည်း လုပ်ကိုင်သူများ နည်းပါးလာ

ပေါင် ၊ နိုဝင်ဘာ ၊ ၁၂ ။          ။ ယခုနှစ်ရော်ဘာအစေးခြစ်ရာသီ၌ ရော်ဘာအစေးခံစဉ့်ခွက်များ အော်ဒါမှာယူသူများသော်လည်း ရော်ဘာအစေးခံ စဉ့်ခွက်လုပ်ငန်း လုပ်သားများ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာကြောင်း ရော်ဘာစေးခံစဉ့်ခွက်လုပ်ငန်း လုပ်ကိုင်သူများထံ မှ သိရသည်။

ရော်ဘာအစေးခံစဉ့်ခွက်လုပ်ငန်းလုပ်ကိုင်သည့် ကျွမ်းကျင်လုပ်သားများ နေ့စားလုပ်အားခ နည်းသောကြောင့် လုပ်ကိုင်သူနည်းပါးလာခြင်းဖြစ်ကြောင်း သထုံမြို့နယ်၊ခတံတားဦးကျေးရွာမှ ရော်ဘာအစေးခံစဉ့်ခွက်လုပ်ငန်း လုပ်ကိုင်သူ ဦးထွန်းမြ ကပြောသည်။

"အဓိက ကျွမ်းကျင်လုပ်သားရှားပါးလာလို့ပဲ၊ မှာယူသလောက်ကို မထုတ်လုပ်ပေးနိုင်ဘူး။ မှာယူတဲ့သူက များပေမယ့်။ ခွက်လှည့်သမားတွေက နေ့စားခအရနည်းတဲ့အတွက် ခါတိုင်းတစ်လုံးကို ၁၀ ကျပ်ပေးရတယ်။အခု တစ်လုံးကို ၁၂ ကျပ် ပေးရတယ်။ကျွမ်းကျင်လုပ်သားတွေက တစ်ဖက်နိုင်ငံဘက်ကို အလုပ်သွားလုပ်ကြကုန်တယ်။ဒီမှာလုပ်ရင်သူတို့အတွက် လည်း စားဖို့ပဲရတယ်။တစ်လုံး ၂၀ လောက်ပေးရင်တော့ သူတို့အတွက် အဆင်ပြေမယ်။ဒါပေမယ့်ကိုက အဲလောက်ထိ မပေး နိုင်ဘူးလေ ကုန်စျေးနှုန်းတွေက လိုက်တက်လာတော့ ဘယ်လိုမှ မပေးနိုင်ဘူးဖြစ်နေတယ်” ဟု ၄င်းက ဆက်လက် ပြောပြသည်။

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာခြံများ ပြန်လည်လုပ်ကိုင်သူများလာခြင်းနှင့်နယ်ကျော်အမှာယူသူများလာခြင်းကြောင့် ရော်ဘာအစေးခံစဉ့်ခွက်များကို စျေးကြီးပေးကာ ဝယ်ယူနေကြောင်း ရော်ဘာခြံရှင်များထံမှ သိရသည်။

"စဉ့်ခွက်က ကော်စေးခွာရတာ လွယ်တယ်၊ ကော်စေး မကပ်ဘူး၊ ကြာရှည်အသုံးခံတယ်။တစ်ခါဝယ်ထားပြီးရင် မကွဲ မချင်းသုံးလို့ရတယ်။ ကော်ခွက်က တစ်လုံး ၆၀ ကျပ်ဝန်ကျင်ခန့်လောက်ရှိမယ်။နေပူရင် ကျွတ်လာမယ်။၂နှစ် ၃နှစ်လောက်ပဲ သုံးဖို့အဆင်ပြေတယ်။ဒီနှစ်အစပိုင်းမှာ ရော်ဘာစျေးက တက်ရိပ်ပြနေတော့ ရပ်ထားတဲ့ ခြံတွေ၊ အသစ်ဖွင့်ထားတဲ့ ခြံတွေပါ အပြိုင်အဆိုင်ဝယ်လာကြတဲ့အတွက် လိုသလောက်ဝယ်ယူလို့မရဘူးဖြစ်နေကြတယ်။တစ်ချို့တွေက ရာသီမစခင် အော်ဒါမှာ ထားကြတော့၊ ချက်ချင်းဝယ်တဲ့သူတွေက လိုသလောက်မရဘူးဖြစ်နေတယ်။” ဟု ပေါင်မြို့နယ်မှ ရော်ဘာခြံပိုင်ရှင် ဦးထွန်းဦး က ပြောသည်။

ရော်ဘာအစေးခံစဉ့်ခွက်များ ပြုလုပ်ရာတွင် ရွံ့စေးနှင့် ဂဝံမြေတို့အား ရောစပ်ကာ ခွက်ပုံစံလှည့်ပေးရပြီး နေလှည် အခြောက်ခံ ဖိုထဲတွင် ထင်းဖြစ်မီးဖုတ်ခြင်းဖြင့် အဆင့်ဆင့်ပြုလုပ်ကာ စတင်ပြုလုပ်သည့်အချိန်မှ အသုံးပြုနိုင်သော ခွက် အဆင့်ထိ အချိန်တစ်ပတ်မှ ၁၀ ရက်ဝန်းကျင်ခန့်ပြုလုပ်ရကြောင်း သိရသည်။

ယခုနှစ်တွင် ရော်ဘာအစေးခံစဉ့်ခွက်လက်ကားစျေး အသေးတစ်လုံးလျှင် ၁၆၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၁၈၀ ကျပ်၊ အကြီးတစ်လုံးလျှင် ၂၀၀ ကျပ်ခန့်ရှိပြီး ယခင်နှစ်တွင် အသေးတစ်လုံးလျှင် ၁၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၁၂၀ ကျပ်၊ အကြီးတစ်လုံးလျှင် ၁၅၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရသည်။

သထုံမြို့နယ်တွင် ရော်ဘာအစေးခံစဉ့်ခွက် ပြုလုပ်သူ ၈ ဦးခန့်သာ ရှိပြီး နှစ်စဉ် ရော်ဘာစဉ့်ခွက်အရေအတွက် တစ်နှစ်လျှင် ၁၀ သိန်းခန့် ထုတ်လုပ်နိုင်ပြီး ဒေသတွင်း ရောင်းချမှုများအပြင် အဆိုပါစဉ့်ခွက်များကို ရန်ကုန်၊ ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီတိုင်းဒေသကြီးများမှ ဝယ်ယူလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly