မန္တလေးတွင် တစ်ရက်အတွင်း နှစ်လုံးချဲထီ လောင်းကစားသူ ၇ ဦးအား အမှုဖွင့်အရေးယူ

မန္တလေးတွင် တစ်ရက်အတွင်း နှစ်လုံးချဲထီ လောင်းကစားသူ ၇ ဦးအား အမှုဖွင့်အရေးယူ
ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့

ရန်ကုန်၊ နိုဝင်ဘာလ ၁၇ ။          ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅ မြို့နယ်တွင်တစ်ရက်အတွင်း နှစ်လုံးချဲထီ လောင်းကစားသူ ၇ ဦးအား မန္တလေးတိုင်းရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့အတွင်း ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ သာစည်မြို့ နယ်နှင့် မြင်းခြံမြို့နယ်အတွင်းမှ နှစ်လုံးချဲထီလောင်းကစားသူ အမျိုးသား ၅ ဦး၊ အမျိုးသမီးနှစ်ဦးကို အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ နိုုဝင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် မဇာနည်မျိုး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ (စျ)ရပ်ကွက်၊ ရွှေလှံဗိုလ်လမ်းနင့် ရေဆိုးထုတ်မြောင်းကြား၊ ၄၉ လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်လာသည့်အသက် ၃၁ နှစ်အရွယ် မသင်းသင်းခိုင်တို့အား နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့်စာရွက် စာတမ်းများ၊ လောင်းကြေးငွေတို့နင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံကျေးရွာနေ အသက် ၅ဝ အရွယ်ရှိ ထွန်းထွန်း၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ရှမ်းစုဘူတာအနီးနေ အသက် ၃၆ နှစ်အရွယ် စိုးနိုင်ဝင်း၊ သာစည်မြို့နယ်၊ ကြပ်စခန်းကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မြစ်ဆုံကွေ့အနီးမှ အသက် ၅၂ နှစ်အရွယ်ရှိ ဇော်လွင်(ခ)ဖိုးလုံးတို့ကို သက်သေခံပစ္စည်းများနှင့်တွေ့ရှိခဲ့သည်။

မြင်းခြံမြို့နယ်၊ သစ်ပင်ရှည်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ဇာလင်းမောင်၊ မြင်းခြံမြို့၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၁ဝ)နေ အသက် ၃၈ နှစ်အရွယ် ခိုင်ဝင်းဆိုသူတို့ကိုလည်း နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြု သည့်စာရွက် စာတမ်းများ၊ လောင်းကြေးငွေတို့နင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန် ချက်တွင် ပါရှိသည်။

လက်ရှိတွင် ထိုသို့ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့် တွေ့ရှိခဲ့သည့် ၇ ဦးကို သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူထားပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly