ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအဖွဲ့တစ်ခု မောင်တောသို့လာမည်

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအဖွဲ့တစ်ခု မောင်တောသို့လာမည်
ဓာတ်​ပုံ ​အေးချမ်​းခိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။            ။ ရခိုင်ပြည်နယ်တွင်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဘေးအန္တရာယ် စီမံခန့်ခွဲ မှုနှင့် ပတ်သက်သည့် “အာဆီယံ လူသားချင်းစာနာမှု အကူအညီများညှိနှိုင်းရေးဌာန” (AHA Centre) မှ မောင်တောသို့ လာရောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အဆိုပါခရီးစဉ်အတွက် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝန်ရှိသူများနှင့်ဗီဒီယို ကွန်ဖရင့် ပြုလုပ်ပြီး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးကဆိုသည်။

AHA Centre အနေဖြင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်တွင် မည်သည့်နည်းလမ်းဖြင့် ကူညီပံ့ပိုးပေးနိုင်မည်ကို ဆွေးနွေးနေဆဲဖြစ်ကြောင်း မည်သည့်နေ့ရက်တွင် လာရောက်မည်ကို အစိုးရဘက်မှတစ်စုံတရာ ထုတ်ပြန် ပြောဆိုထားခြင်းမရှိသေးပေ။

အဆိုပါအဖွဲ့လာရောက်ခြင်းဖြင့် လက်တွ့ကျကျကူညီပံ့ပိုးနိုင်မည်ဖြစ်သောကြောင့် ဘေးပတ်ဝန်းကျင် ယုံကြည် စိတ်ချမှုဖြစ်စေပြီး နေရပ်ပြန်လာသူများကို ဘေးကင်းလုံခြုံမှုရှိစေသည်ဟုခံစားရရှိစေမည်ဖြစ်ကြောင်းလည်း ထိပ်သီးအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၂ မှ ၁၅ ရက်ထိပြုလုပ်ခဲ့သော ၃၃ ကြိမ်မြောက်အရှေ့တောင်အာရှ ထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့ပြီး အစည်းအဝေးအပြီးတွင် အဆိုပါအဖွဲ့ အနေဖြင့် မောင်တောသို့လာရောက်ရန် မြန်မာဘက်မှသဘောတူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများစွာထဲမှ စိစစ်ပြီးဖြစ်သော မိသားစု ၄၈၅စုမှ လူဦးရေ ၂၂၆၁ဦးကို ပထမအသုတ်အဖြစ် နိုဝင်ဘာ ၁၅ရက်တွင် စတင်လွှဲပြောင်းလက်ခံရန် အောက်တိုဘာ လကုန်ပိုင်းက ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် သဘောတူခဲ့သည်။

သို့သော် သဘောတူထားသည့် လူဦးရေ ၂၂၆၁ဦးကို လက်ခံရန် မြန်မာအစိုးရက တောင်ပြိုလက်ဝဲစခန်းတွင် အသင့်စောင့်ဆိုင်းခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တစ်ဦးတစ်ယောက်မျှ စတင်လွဲပြောင်းခြင်း မရှိ သေးကြောင်းလည်း သိရသည်။

ထို့အပြင် အသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဖော်ဆောင်ရာတွင် အစိုးရအနေဖြင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အတွက်သာမက ရေရှည်အတွက် ရည်ရွယ်၍ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေကြောင်း အာဆီယံအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့သည်။

အဆိုပါထိပ်သီးအစည်းအဝေးတွင် နေရပ်ပြန်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီး ပေးရာတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိုက်အဝန်း နှစ်ရပ်ကြား သဟဇာတဖြစ်ရေးတို့ကို တိုးမြင့်ဖော်ဆောင်ရာတွင်လည်းကောင်း အပြုသဘောဆောင် ပူးပေါင်း ပါဝင်ရန် အသင့်ရှိကြောင်း အာဆီယံခေါင်းဆောင်များကပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required