နှစ်အနည်းငယ်အတွင်း အဂတိလိုက်စားမှု လုံးဝကင်းရှင်း အောင်လုပ်နိုင်ရန် မမျှော်လင့်နိုင်သေးဟုဆို

နှစ်အနည်းငယ်အတွင်း အဂတိလိုက်စားမှု လုံးဝကင်းရှင်း အောင်လုပ်နိုင်ရန် မမျှော်လင့်နိုင်သေးဟုဆို

မကွေး၊နိုဝင်ဘာ ၁၇ ။           ။ မြန်မာနိင်ငံတွင် အဂတိလိုက်စားမှုကို နှစ်အနည်းငယ်အတွင်း လုံးဝကင်းရှင်းအောင် လုပ်နိုင်ရန် မမျှော်လင့်နိုင်သးကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

နိဝင်ဘာ ၁ရရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သော တိုင်းအဆင့်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိင်ငံတွင် အဂတိလိုက်စားမှုသည်ဆယ်စုနှစ်ပေါင်းများစွာကတည်းက နယ်ပယ်အသီးသီး၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ပြသနာဖြစ်ပြီး ယင်းပြသနာကြောင့် နိင်ငံ၏စီးပွားရေးအဆောက်အအုံ အုပ်ချုပ်ရေး အဆောက်အအုံ၊ နိင်ငံရေးအဆောက်အအုံနှင့် လူမှုယဉ်ကျေးမှုအဆောက်အအုံများ တိုးတက်သင့်သလောက် မတိုးတက်ဘဲ နိင်ငံတကာနှင့်မယှဉ်နိင်ဘဲ ဖြစ်နေရကြောင်း သိရသည်။

 “ဒီပြသနာတွေကို ဖြေရှင်းနိင်ဖို့အတွက် လက်ရှိအစိုးရက အပြင်းအထန်ကြိုးပမ်းအားထုတ်နေပါတယ်။ အဂတိ လိုက်စားမှုကို ဘယ်နိင်ငံမှာမှ လုံးဝအမြစ်ပြတ်သွားအောင် တိုက်ဖျက်လို့ မရနိင်ပါဘူး။ ကျွန်တော်တို့ ဆီမှာ လည်း နှစ်အနည်းငယ်အတွင်း အဂတိလိုက်စားမှုလုံးဝကင်းရှင်းသွားအောင် လုပ်နိင်လိမ့်မယ်လို့ မမျှော်လင့် နိင်ပါဘူး။ သိမ်မဝေးကွာတော့တဲ့ ကာလတစ်ခုအတွင်းမှာတော့ ထိထိရောက်ရောက် တားဆီးကာကွယ်နိင်တဲ့ အခြေအနေတစ်ခုအထိ ရောက်အောင်လုပ်ဆောင်နိင်တဲ့ နည်းလမ်းတွေရှိနေပါပြီ”ဟု ဦးအောင်ကြည်က ဆိုသည်။

ထို့အပြင် ယခုခေတ်တွင် အဂတိလိုက်စားမှုများသည် မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှု၊ တရားမဝင်ကုန်သွယ်မှုစသော နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် ဆက်စပ်နေပြီး နိင်ငံတစ်ခု၊ ဒေသ တစ်ခု၏ ပြသနာမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာပြသနာအဖြစ်နိင်ငံအလိုက် ဖြေရှင်းနေရကြောင်း အဆိုပါပွဲမှ သိရသည်။

အဂတိလိုက်စားမှုကြောင့် တိုက်ရိုက်ကုန်ကျမှုတန်ဖိုးနှင့် အဂတိလိုက်စားမှုနှင့် ဆက်စပ်နေသော ဆုံးရှုံးမှု တန်ဖိုးတို့မှာ ပေးသူယူသူများကသာ ဆုံးရှုံးနေခြင်းမဟုတ်ဘဲ နိင်ငံတော်၏ အမွေအနှစ် အရင်းအမြစ်များက သော်လည်းကောင်း ပြည်သူ့ဘဏ္ဍာရန်ပုံငွေမှသော်လည်းကောင်း ပြည်သူလူထုကိုယ်တိုင်မှ သော်လည်း ကောင်း ထိခိုက်နစ်နာဆုံးရှုံးနေရကြောင်း ဦးအောင်ကြည်ကဆိုသည်။

ထို့ကြောင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်အတွက် အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်ကြရမည့်နည်းလမ်း(Publice - Private Collaboration - PPC)၊ နိင်ငံကို စီးပွားဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်သော နည်းလမ်း(Public - Private Partnership - PPP)နှင့် ဆောင်ရွက်နိင်သလို၊ အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်း များဆိုသည့် P တစ်လုံးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဆိုသည့် P နောက်တစ်လုံးတို့က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အတူးလက်တွဲပြီး အားထုတ်ကြရန် လိုအပ်ကြောင်း အဆိုပါ အလုပ်ရုံ ဆွေးနွေး ပွဲမှ သိရသည်။

“အဂတိလိုက်စားမှုမှာ တွက်ချက်စီစဉ်ပြီးမှ ကျုးလွန်သောပြစ်မှုဖြစ်တဲ့အတွက် ခိုင်လုံတဲ့ အထောက်အထားရဖို့ ခက်ခဲသလို ခိုင်လုံသောအထောက်အထားမပြနိင်မချင်း ပြစ်မှုကျုးလွန်သူများဟာ မိမိတို့၏ ကိုယ်ကျင့်တရား ပျက်ယွင်းနေမှုကို ဖုံးကွယ်ထားတတ်ပါတယ်။ နောက်ပြီး ဝေစားမျှစားလုပ်နေတဲ့ သူတွေကလည်း ပြစ်မှု မပေါ် အောင် ဝိုင်းပြီးဖုံးဖိပေးတတ်ကြပါတယ်။ ဒါဟာ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ဖြစ်သွားနိင်ပါတယ်။”ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဆက်ပြောသည်။

အဆိုပါ ကိစ္စရပ်များကို ဖြစ်ပေါ်ကြုံတွေ့လာပါက ကော်မရှင်အနေဖြင့် တုန့်ပြန်ဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required