ဘာစီလိုနာအသင်းနဲ့ လက်တွဲလာခဲ့တဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်ဂျာစီ Nike ထုတ်ဝေ

ဘာစီလိုနာအသင်းနဲ့ လက်တွဲလာခဲ့တဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်ဂျာစီ Nike ထုတ်ဝေ
Photo: Nike

အမေရိကန်နာမည်ကျော် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Nike က ဘာစီလိုနာအသင်းနဲ့ လက်တွဲလာခဲ့တဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် အသင်းဂျာစီများကို အကန့်အသတ်နဲ့ ထုတ်ဝေရောင်းချသွားမှာဖြစ်တယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ 

Nike ကုမ္ပဏီဟာ ဘာစီလိုနာအသင်းနဲ့ ၁၉၉၈ ခုနှစ်ကတည်းက စပွန်ဆာပေးခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ် ၂၀ ပြည့်မြောက်မှာဖြစ်ပါတယ်။ ဒီအထိမ်းအမှတ်ဂျာစီဟာ ပြီးခဲ့တဲ့ ကာလတွေမှာ အသုံးပြုခဲ့တဲ့ ဒီဇိုင်းတွေအားလုံးကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

“လက်တွဲလာခဲ့တဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် Nike ဟာ နောက်ဆုံးဆယ်စုနှစ် နှစ်ခုအတွင်း ထုတ်လုပ်ခဲ့တဲ့ အိမ်ကွင်း ဂျာစီတိုင်းရဲ့ ဒီဇိုင်းတွေအားလုံးကို ကိုယ်စားပြုတဲ့ ပုံစံမျိုးဖြစ်တဲ့ အထိမ်းအမှတ်ဂျာစီကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။”လို့ Nike က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

“ဘာစီလိုနာအသင်းဟာ ကမ္ဘာမှာ အကြီးဆုံးကလပ်တစ်သင်းဖြစ်ပြီး သူတို့နဲ့ နှစ် ၂၀ ကြာ လုပ်တွဲလုပ်ကိုင်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။”လို့ Nike ကုမ္ပဏီရဲ့ ဘောလုံးဝတ်စုံ ဒီဇိုင်းဒါရိုက်တာ ဟော့ပင်းစ်က ပြောပါတယ်။

အကန့်အသတ်နဲ့ ထုတ်ဝေရောင်းချမယ့် ဂျာစီများကို လာမယ့် နိုဝင်ဘာ ၂၁ ရက်မှစတင်ပြီး ဝယ်ယူနိုင်မှာဖြစ်ပြီး ပွဲတွေမှာ ကစားသမားများ ဝတ်ဆင်အသုံးပြုမှာမဟုတ်ဘဲ ပရိသတ်များ ဝတ်ဆင်ရန်အတွက်သာ ရည်ရွယ်ရောင်းချသွားမှာဖြစ်ပါတယ်။

Nike နဲ့ ဘာစီလိုနာအသင်းတို့ ပါတာနာအဖြစ် လက်တွဲခဲ့တဲ့ နှစ် ၂၀ ကာလအတွင်း စပိန်ကလပ်အသင်းဟာ လာလီဂါချန်ပီယံဆု ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၇ ကြိမ် ရရှိခဲ့ပြီး အောင်မြင်တဲ့ ရွှေခေတ်တစ်ခေတ်ဖြစ်ခဲ့ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly