အထူးကုဆေးခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး အများအပြား ဖမ်းဆီးရမိ

အထူးကုဆေးခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး အများအပြား ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာလ ၁၆ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈ဝ ရှိ အေးချမ်းသာအဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူး ကုဆေးခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး အများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရ သည်။

ဆေးခန်းပိုင်ရှင်မှာ ဒေါက်တာ မောင်မောင်ဖြစ်ပြီး ကနဦးအနေဖြင့် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် (မြောက်)ရပ်ကွက်၊ အကွက်အမှတ် ၈၄ဝ၊ အိမ်အမှတ်(၅၉/၃)တွင် နေထိုင်သော ကျော်ကျော်မင်း(ခ)ကိုစိုး၏ နေအိမ်အတွင်း SEDUXEN တံဆိပ် Diazepam 10 mg ပါ 2ml ထိုးဆေးပုလင်း ၂၉ လုံးအား ဝင်ရောက် ရှာဖွေဖမ်းဆီးပြီး ကွင်းဆက်အနေဖြင့် အဆိုပါဆေးခန်းကို ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အေးချမ်းသာအဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းအတွင်း ဆေးခန်းအောက်ထပ်ရှိ ကောင်တာ အံဆွဲနှင့် အပေါ်ထပ်ရှိ ဒေါက်တာမောင်မောင်၏အခန်းအတွင်းတို့မှ SUDUXEN စာတမ်းပါ စက္ကူဘူး ၄၉ဝ ဘူးဖြင့်ထည့်လျက် SEDUXEN တံဆိပ် Diazepam 10 mg ပါ 2ml ထိုးဆေးပုလင်း ၄,၉၄ဝ လုံးနှင့် Tramadol ဆေးတောင့် ၄ဝဝ တောင့်တို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် Alprazolan ဆေးပြား ၁,၂၁၅ ပြား၊ Tramadol ထိုးဆေး ၁၉ဝ လုံး၊ Diazepam ဆေးပြား ၉၆ဝ ပြား၊ SUDUXEN စာတမ်းပါ ဖြူ/နီ ရောင်စက္ကူဘူးခွံ ၂၀၅ ဘူးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အသက် ၆၂ နှစ်အရွယ် ဒေါက်တာ မောင်မောင်နှင့် အသက် ၅၁ နှစ်အရွယ် ကျော်ကျော်မင်း(ခ)ကိုစိုး ဆိုသူတို့အား သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly