မိုးအောင်ရင်၏ မူးယစ်ဆေးဝါးအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

မိုးအောင်ရင်၏ မူးယစ်ဆေးဝါးအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

ရန်ကုန်၊ နိုဝင်ဘာလ ၁၆ ။           ။ ၂ နှစ်ကျော်ကြာစစ်ဆေးနေခဲ့သော မူးယစ်ဆေးဝါးရောင်းဝယ်မူဖြင့် တရားစွဲခံထားသော ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် အပါအဝင် ၃ ဦးအမှုအား လာမည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ သိရသည်။

မိုးအောင်ရင်နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနှင့် ဘုန်းမြင့်အောင်(ခ)ဒေးဗစ်တို့ ၃ ဦးကို နိုဝင်ဘာလ ၁၆ ရက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး နှစ်ဖက်တရားလိုပြသက်သေများ၊ တရားခံပြ သက် သေများကို စစ်ဆေးပြီးနောက် နှစ်ဖက်အကျိုးတော်ဆောင်ရှေ့နေများမှ ရုံးတော်သို့ အပြီးသတ် လျှောက်လဲ ချက်များကို တင်သွင်းခဲ့ကြသည်။

အဆိုပါ အမှုအတွက် တရားလိုပြသက်သေ ၁၄ ဦး၊ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မိုးအောင်ရင် အပါအဝင် ၃ ဦးနှင့် တရားခံပြသက်သေ ၁၆ ဦးတို့အား စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။

၎င်းတို့ ၃ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စွဲချက်တင်စစ်ဆေးနေခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် မိုးအောင်ရင်အား အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ ရည်စားဖြစ်သူနေအိမ်တွင်ဖမ်းဆီးရမိခဲ့ခြင်းကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားခဲ့သည်။

ထို့အပြင် မိုးအောင်ရင်၏ နေအိမ်ဖြစ်သော တာမွေမြို့နယ်ရှိနေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာ ဖွေခဲ့ရာ မိုးအောင်ရင်၏ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနှင့် ဘုန်းမြင့်အောင်(ခ)ဒေးဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly