ဦးဟန်ထူးအပါအဝင် ၅ ဦးအမှုတွင် တရားလို၏ ထွက်ဆိုချက်အား ဆက်လက်မှတ်တမ်းတင်ရန် အမိန့်ချ

ဦးဟန်ထူးအပါအဝင် ၅ ဦးအမှုတွင် တရားလို၏ ထွက်ဆိုချက်အား ဆက်လက်မှတ်တမ်းတင်ရန် အမိန့်ချ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာလ ၁၆ ။         ။ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဟာသရုပ်သံတိုများဖြင့် လူသိများခဲ့သော သရုပ်ဆောင် အောင်ရဲထွေး သေ ဆုံးခဲ့သည့်အမှုတွင် လာဘ်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်းဦးဟန်ထူး အပါ အဝင် ၅ ဦးအမှု၌ တရားလို၏ ထွက်ဆိုချက်များအားဆက်လက်မှတ်တမ်းတင်ရန် ရန်ကုန်တိုင်းဒေသကြီး တိုင်း တရားလွှတ်တော်မှ တရားသူကြီးက ကြားဖြတ်အမိန့်ချမှတ်လိုက်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတိုင်းတရားလွှတ်တော်၌ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၅ ဦးအား ၇ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီးစွပ်စွဲခံထားသူများဘက်မှ လိုက်ပါဆောင်ရွက် ပေးသည့် ရှေ့နေများ၏ ကန့်ကွက်ထားချက်ကို ကြားဖြတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ အမိန့်ချတယ်။ ကျွန်တော်တို့ကတဆင့်ကြားဖြစ်တယ်။ ရဲရှေ့ထွက်ချက်ဖြစ်တယ်ဆိုပြီးတော့ ကျွန်တော် တို့ မှတ်တမ်းမတင်သင့်ဘူးပြောတော့ ရုံးတော်က မှတ်တမ်းတင်ခွင့်ရှိတယ် ဆိုပြီး အမိန့်ချလိုက်တယ်”ဟု ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်းဦးဟန်ထူးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးမင်းစိန်ကပြောသည်။

တရားလို၏ ထွက်ဆိုချက်များမှာဥပဒေနှင့် မညီသည့်အပြင် ရဲရှေ့ထွက်ဆိုချက်များဖြစ်သည်ဟုဆိုကာ ရာဇဝတ် ကျင့်ထုံး- ၁၆၂ ဖြင့် စွပ်စွဲခံရသူများဘက်မှ ကန့်ကွက်ကြောင်း တင်ပြထားခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ အထူးဥပဒေဖြစ်သည့်အတွက် ရာဇဝတ်ကျင့်ထုံးနှင့် သက်ဆိုင်ခြင်း မရှိ ဟုဆိုကာစွပ်စွဲခံရသူများဘက်မှ တင်ပြထားသည့် ကန့်ကွက်မှုကိုတိုင်းတရားသူကြီးက ပယ်ချလိုက်ပြီး တရားလို၏ ထွက်ဆိုချက်များကိုဆက်လက်မှတ်တမ်းတင်ရန် ကြားဖြတ်အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။

လာဘ်စားမှုဖြင့်  တရားရင်ဆိုင်နေရသည့် ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်းအပါအဝင် ၅ ဦးအမှုအား စစ်ဆေးနေ သည်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ရုံးချိန်းပေါင်း ၇ ချိန်းထိရှိနေပြီးဖြစ်သော်လည်း တရားလိုဖြစ်သူအားစစ်နေ သည်မှာ ပြီးစီးမှုမရှိသေးပေ။

“ ဒါကနာရီချိန်နည်းတာလည်း ပါနိုင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အကြောင်းတစ်ခုရှိလို့ချင်ရင် ဘာပဲ ဖြစ်စေပေါ့။ နှစ်ဖက်ကန့်ကွက်ချက်ဘာညာရှိတော့ လျှောက်လဲချက်ကတော့ ကြားနာရတယ်။ လျှောက်လဲချက် ကြားနာမှလည်းတရားသူကြီးကအမိန့်ချမှာကိုး”ဟုတရားလွှတ်တော်ရှေ့နေဦးမင်းစိန်ကပြောသည်။

သရုပ်ဆောင်အောင်ရဲထွေးသေဆုံးခဲ့သည့်အမှုတွင် လူသတ်မှု ကျူးလွန်သူဟု စွပ်စွဲခံရသူ ၃ ဦး လွတ်မြောက် နိုင်ရေးအတွက် ကျပ်သိန်း ပေါင်း ရဝဝ ကျော် စုပေါင်းလာဘ်စားခဲ့သည်ဟု ဆိုကာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေ အရာရှိဦးသိန်းဇော်၊ ခရိုင်ဥပဒေအရာရှိဦးကိုကိုလေး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ တရားသူကြီး ဦးအောင်ကြည်နှင့်  ရဲအုပ်ချစ်ကိုကိုတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly