ဗုံးသတင်းကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးတိုးမြှင့်

ဗုံးသတင်းကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ   ၁၆ ။           ။ ဗုံးသတင်းကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် လာရောက်လည်ပတ်သူများဘေးကင်းရေးအတွက် လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဦးစီကော်မတီက သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့၊ မြို့မစျေးအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ဗုံးဟု ယူဆရသောအရာကို သက်ဆိုင်ရာမှ တွေ့ရှိခဲ့ပြီးနောက် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပရာ မီးပုံးပျံကွင်းအတွင်း မသင်္ကာဖွယ်ရာများတွေ့ရှိခြင်း မရှိကြောင်း တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီက နိုဝင်ဘာလ ၁၆ ရက်က ညနေပိုင်းတွင် သတင်းထုတ်ပြန် လိုက်သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရာ မီးပုံးပျံကွင်းအတွင်း၊ အဝေရာမီးပုံပျံကွင်းအတွင်း၌ စစ် ဆေးရှာဖွေ မှုများ ပြုလုပ်ခဲ့ပြီး မသင်္ကာဖွယ်ရာများတွေ့ရှိခြင်း မရှိကြောင်းနှင့် လာရောက်လည်ပတ်သူများ ဘေးကင်းရေး အတွက် လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကြီးမြို့၊ မြို့မစျေးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ဗုံးဟု ယူဆရသော သံသယဖြစ်ဖွယ် လက်ဆွဲသေတ္တာတစ်လုံးတွေ့ရှိခဲ့ပြီး တပ်မတော်မှ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၆ ရက် နေ့လယ် ၂ နာရီ အချိန်တွင် လက်ဆွဲသေတ္တာငယ်တစ်လုံးအား အဘိုးအိုတစ်ဦးမှ လာရောက်ချထားသည်ကို စျေးဆိုင်ခန်းရှင်တစ်ဦးကတွေ့ရှိရာ မသင်္ကာသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သည်။ နေ့လယ် ၃နာရီ ၃မိနစ်တွင် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့မှ သက်မဲ့ပြုလုပ်ကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့နောက် နောက်ထပ်ဗုံးဟု သံသယဖြစ်ဖွယ်အရာတစ်ခုကို တောင် ကြီး City Square Shopping Center ဒုတိယအထပ်တွင် ထပ်မံတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာမှ ဗုံးမဟုတ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

ယခုအချိန်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် စစ်အင်ဂျင်နီယာတပ်တို့မှ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly