GEMBA အမည်ရှိ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ အထူးပြုသင်တန်း ဖွင့်လှစ်မည်

GEMBA အမည်ရှိ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ အထူးပြုသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။                  ။ မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းနှင့် တီမားဆက် စီးပွားရေးကျောင်းတို့နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ကို ရရှိမည့် GEMBA ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ အထူးပြုအစီအစဉ် တစ်ရပ်ကို စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ရဲ့ ဒီသင်တန်းအစီအစဉ်ကနေတဆင့် ကျောင်းသူ၊ ကျောင်းသားတွေကို case studies (ဖြစ်ရပ် လေ့လာမှု) သင်ကြားမှုတွေ၊ အကောင်းမွန်ဆုံး လက်တွေ့လုပ်ဆောင်မှုတွေ အစရှိတဲ့ ကောင်း မွန်ပြည့်ဝတဲ့ သင်ယူလေ့လာမှု အတွေ့အကြုံတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး အရှေ့ကမ္ဘာနဲ့ အနောက် ကမ္ဘာမှာ လက်ရှိ ကျင့်သုံးနေတဲ့ စီးပွားရေး နည်းဗျူဟာတွေ၊ စီးပွားရေးပိုင်းဆိုင်ရာ စံသတ်မှတ်ချက်တွေကို သင်ကြားပြသ ပေးသွားမှာ ဖြစ်ပါတယ်။” ဟု Thammasat Univeristy (တီမားဆက် တက္ကသိုလ်) မှ ပါမောက္ခချုပ်နှင့် တွဲဖက်ပရော်ဖက်ဆာ Gasinee Witoonchart မှ ပြောကြားခဲ့သည်။

ယခုနှစ် GEMBA/MIB သင်တန်းအား လျှောက်ထားသူများအနက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်မှီသူများကို ပညာသင်ဆု ထောက်ပံ့ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၉,၀၀၀ အား ရရှိနိုင်မည်ဖြစ်ပြီး  ပညာသင်ဆုအတွက် လျှောက်ထားသူများသည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိရန် လိုအပ်ပြီး အလုပ်အကိုင် အတွေ့အကြုံ အနည်းဆုံး ၃ နှစ် ရှိရန် လိုအပ်ကြောင်း သိရသည်။ ထို့အပြင် GEMBA မှ သတ်မှတ်ထားသော အင်္ဂလိပ်စာ ကျွမ်းကျင်မှု သတ်မှတ်ချက်အား ပြည့်မှီရန်နှင့် လူတွေ့စစ်ဆေးမှု ဝင်ခွင့်စာမေးပွဲအား အောင်မြင်ရန် လိုအပ်ကြောင်း သိရပြီး လျှောက်ထားသူများသည် ဒေသတွင်းရှိ အဖွဲ့အစည်းများအား ကူညီလုပ်ကိုင် ဆောင် ရွက်သွားရန် ခိုင်မာသော ရည်သန်ချက်ရှိကြောင်း ဖော်ပြရေးသားထားသည့် statement of purpose တစ်စောင် အား တင်ပြသွားရမည်ဟု သိရသည်။

ထို့အပြင် လျှောက်ထားလိုသူများသည် GEMBA/MIB သင်တန်းအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး စာသင်နှစ် တစ်နှစ်လျှင် သင်တန်းသားဦးရေ ၂၀ မှ ၃၀ အတွင်းသာ လက်ခံသွားမည် ဟုသိရသည်။

 “ဒီလက်တွဲပူးပေါင်းမှုရဲ့ အရေးပါဆုံး ရည်မှန်းချက်တစ်ခုကတော့ မြန်မာ့စီးပွားရေးနှင့် ပညာရေးအသိုင်း အဝိုင်းကို နိုင်ငံတကာ အသိအမှတ်ပြု စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ရရှိစေချင်တာပဲ ဖြစ်ပါတယ်။ ဒီစီးပွား ရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) ကနေတဆင့် ပြည်တွင်းက လုပ်ငန်းလုပ်ဆောင်မှု အရည်အသွေးတွေကို မြင့်တက်လာစေနိုင်မှာ ဖြစ်ပြီး သင်တန်းသား တစ်ဦးတစ်ယောက်ချင်း အနေနဲ့လည်း သက်ဆိုင်ရာ နယ်ပယ်မှာ ပိုပြီး လုပ်ဆောင်လာနိုင်မှာ ဖြစ်တဲ့အတွက် အခွင့်အလမ်းများစွာကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။”ဟု Thammasat Business School ၏ ဌာနမှူးချုပ်နှင့် တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ Pipop Udorn က ပြောကြားခဲ့သည်။

သတ်မှတ်ထားသော အရည်အချင်းလိုအပ်ချက်များနှင့် ပြည့်မှီသူများသည် www.gemba.tbs.tu.ac.th သို့ သွားရောက်၍ GEMBA နှင့် MIB သင်တန်းများအား လျှောက်ထားနိုင်မည် ဖြစ်ပြီး လျှောက်လွှာကြေး အဖြစ် အမေရိကန်ဒေါ်လာ ၆၀ အား ပေးသွင်းရမည် ဖြစ်ပြီး အဆိုပါ လျှောက်လွှာကြေးတွင် ရန်ကုန်မြို့၌ ပြုလုပ် သွားမည့် TUGET (English) စာမေးပွဲနှင့် လူတွေ့အင်တာဗျုးများအတွက် ကျသင့်ငွေများ ပါဝင်ပြီး ဖြစ်ကြောင်း သိရသည်။     

 “ဒီနေ့ တီမားဆက် စီးပွားရေးတက္ကသိုလ် (Thammasat Business School) နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေအတွက် အရည်အချင်း ပြည့်ဝတဲ့ အရာရှိတွေကို အမြဲမပြတ် မွေးထုတ်ပေးသွားနိုင်ဖို့နဲ့ အားပေးကူညီသွားနိုင်ဖို့ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ် ရည်သန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်း တက် ရောက်သင့်တဲ့ ဒီလို ထိုင်းနိုင်ငံက ထိပ်တန်းစီးပွားရေး တက္ကသိုလ်တစ်ခုက အရည်အသွေးမြင့် သင်တန်း တစ်ခုကို မြန်မာနိုင်ငံမှာ ပေးအပ်နိုင်ခဲ့တဲ့ အတွက် အရမ်းကို ဝမ်းမြောက်မိပြီး အခုလို သင်တန်း အစီအစဉ် တွေဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အရာရှိတွေနဲ့ တက်သစ်စ စီးပွားရေးခေါင်းဆောင်တွေ အတွက် လည်း အများကြီး အထောက်အကူ ဖြစ်စေမှာပါ”ဟု Myanmar Institute of Banking ၏ ဥက္ကဋ္ဌ ဖြစ်သော ဒေါက်တာဦးသောင်းဟန်က ပြောသည်။

အဆိုပါ အစီအစဉ်ကို စိတ်ပါဝင်စားသူများအနေဖြင့် ဒီဇင်ဘာလ (၂)ရက်တွင် ကျင်းပပြုလုပ်သွားမည့် GEMBA ၏ Open House သို့ လာရောက်လေ့လာနိုင်ပြီး GEMBA ၏ Open House ကို ဘန်ကောက်မြို့တွင် ဒီဇင်ဘာ လ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။      

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly