ကျောက်တန်းမြို့နယ် သံတဲကျေးရွာတွင် အထောက်အထားမဲ့ဝင်ရောက်လာသူ တစ်ရာကျော် ဖမ်းမိ

By မျိုးထွန်းနိုင်
16 November 2018
ကျောက်တန်းမြို့နယ် သံတဲကျေးရွာတွင် အထောက်အထားမဲ့ဝင်ရောက်လာသူ တစ်ရာကျော် ဖမ်းမိ
ဓာတ်ပုံ ဒေါ်အေးမြမြမျိုး Facebook

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။        ။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊သံတဲကျေးရွာတွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ တစ်ရာကျော်ကို ဒေသခံပြည်သူများ၏ သတင်ပေးမှုဖြင့် ဖမ်းမိခဲ့ကြောင်း ကျောက်တန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောသည်။

“ဒေသခံပြည်သူတွေရဲ့ သတင်းပေးမှုကြောင့် တရားမဝင်ခိုးဝင်လာသူတွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အကြောင်းကြားပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၆ရက် မနက် ၄ နာရီလောက်မှာ စတင်တွေ့ရှိပြီး ၅နာရီမှာ ဖမ်းဆီးနိုင်ခဲ့တာပါ”ဟု ဒေါ်အေးမြမြမျိုးက ဆိုသည်။

ဆိုပါ တရားမဝင် ဝင်ရောက်လာသူများသည် ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ သံတဲကျေးရွာသို့ စက်လှေဖြင့် ဝင်ရောက် လာခြင်းဖြစ်ပြီး ကျား ၅၀ ဦး၊ မ ၃၁ဦး ၊ကလေး ကျား ၁၃ဦး မ ၁၂ ဦး အပါအဝင် စုစုပေါင်း ၁၀၆ဦးဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ သံတဲကျေးရွာက ဆိုင်ကလုန်းရှက်တာမှာ သူတို့ကို ခဏထားပြီး အဖွဲ့အစည်းပေါင်းစုံက စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ဒေါ်အေးမြမြမျိုးက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် အာဆာ(ARSA) အကြမ်းဖက်တိုက်ခိုက်မှုများအပြီးတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည်များစွာထဲမှ ပထမအသုတ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လွှဲပြောင်း လက်ခံရန် နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာအစိုးရက တောင်ပြိုလက်ဝဲစခန်းတွင် အသင့်စောင့်ဆိုင်း နေသော်လည်း တစ်ဦးမှ ပြန်လည်ဝင်ရောက်လာခြင်း မရှိခဲ့ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့နောက် နိုဝင်ဘာလ ၁၆ရက် မနက်ပိုင်းတွင် အထောက်အထားမဲ့ဝင်ရောက်လာသူများကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ၊ တံတားမြို့ သံတွဲကျေးရွာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly