ရုန်းဟဲ့ကန်ဟဲ့ ပွင့်တောက်ရွာကလေး

ရုန်းဟဲ့ကန်ဟဲ့ ပွင့်တောက်ရွာကလေး

ကျနော်တို့ရောက်သွားတဲ့အချိန်က မိုးစင်စင်မကင်းသေးတဲ့အချိန်ဖြစ်နေပါသေးတယ်။ ရောက်တဲ့တညနေကလည်း မိုးရွာခဲ့ပြီး နောက်တနေ့မနက်ခင်းမှာလည်း မိုးတမလောက်ရွာလိုက်ပါသေးတယ်။ ဒါကြောင့်မို့ မိုးတဖွဲဖွဲအောက်မှာပဲ တဲတွေအိမ်တွေ ပြန်ဆောက်နေကြရတဲ့ ပွင့်တောက်ရွာကလေးဟာ အသံမထွက်ဘဲ လှုပ်လှုပ်ရွရွဖြစ်နေခဲ့ပါတယ်။ ရေစပ်စပ် ရွှံပျော့ပျော့ကိုနင်းလျှောက်ကြရင်း ပစ္စည်းတွေအသီးသီး ထမ်းပိုးသယ်ယူသွားလာနေကြတဲ့မြင်ကွင်းဟာ ကြေကွဲဖို့ကောင်းနေပြန်ပါတယ်။

မိုးတွေလေတွေကြားထဲကပဲ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ပစ်ချန်ထားရစ်ခဲ့ပြီး တောင်ကုန်းပေါ် အလုအယက်ပြေးတက် ထွက််ပြေးခဲ့ကြရတဲ့ အဖြစ်အပျက်ကြီးဟာ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ငယ်ရွယ်တဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဖျားနာနေသူတွေကို သူ့လူကိုယ့်လူမခွဲခြားနိုင်တော့ဘဲ ကြုံသလိုထမ်းပိုးကူညီကြရင်း တောင်ပေါ်ကို တစ်ယောက်မကျန်တက်လာနိုင်ပြီးတဲ့အချိန်မှာတော့ ပွင့်တောက်ရွာဟောင်းဟာ မုန်းရေပြင်ကြီးအောက် လုံးလုံးရောက်သွားတော့တာပါပဲ။ တရှိန်တိုးမဟုတ်ဘဲ တအိအိရေတွေတက်လာသည့်တိုင် ကိုယ်ပိုင်ပစ္စည်း အကုန်လုံးကိုတော့ မသယ်ယူနိုင်ခဲ့ကြပါဘူး။ ဒီကြားထဲ မိုးမှောင်ကြီးကကျ မိုးတွေကလည်း အဆက်မပြတ်ရွာ မိုးချိန်းသံတွေနဲ့ လျပ်စီးတွေကလည်း ကောင်းကင်ကြီးကွဲထွက်သွားမလားထင်ရလောက်အောင်ဆူညံမြည်ဟိန်းနေခဲ့ပါတယ်။ ဒီကြားထဲကပဲ လူအသေအပျောက်မရှိ ရွာသားအားလုံး တောင်ကုန်းပေါ် တက်ပြေးနိုင်ခဲ့ကြတာကပဲ ကံကောင်းတယ်လို့ ပြောရမှာပါပဲ။

တောင်ကုန်းပေါ်ရောက်တော့ အမိုးအကာတွေကြံဖန်လုပ်ရပြန်ပါတယ်။ တအိမ်နဲ့တအိမ်အပြန်အလှန်ယိုင်းပင်းကူညီတဲ့စိတ်ဟာ ပွင့်တောက်ရွာကလေးကို အခက်အခဲတွေအောက်မှာ ကျဆုံးမသွားရလေအောင် ကျားကန်ပေးထားတဲ့ သဘောဖြစ်ခဲ့ပါတယ်။ အိမ်ဟောင်းက ထရံတွေကို ၀ိုင်းဝန်းခွါ စုပေါင်းထမ်း တောင်ကုန်းပေါ်ရောက်တော့ ထရံတခြမ်းစီခွဲပြီး မိသားစုနှစ်စု အမိုးလုပ်ခဲ့ကြပါတယ်။ စပြောင်းတဲ့နေ့ကတော့ ဒီအတိုင်း မိုးရေစပ်စပ်မြေပေါ်မှာပဲ တရွာလုံး မိုးလင်းခဲ့ကြရပါတယ်။ နောက်ဆုံး ဆန်မရှိတဲ့မိသားစုတွေကို စာရင်းလိုက်ကောက်ပြီး ပိုတဲ့လျှံတဲ့မိသားစုက စာရင်းနဲ့လိုက်စု စနစ်တကျခွဲတမ်းချပြီး ထမင်းချက်ကြရတဲ့ အဆင့် ရောက်တော့တာပါပဲ။ ကံကောင်းချင်တော့ ပထမဦးဆုံး ရောက်လာတဲ့ ကူညီကယ်ဆယ်ရေးစက်လှေသုံးစီးက ဆန်အိတ် ၂၀ ပါလာခဲ့တဲ့အပြင် ရေသန့်ဗူးတွေလည်းပါလာခဲ့တာမို့ တောင်ကုန်းပေါ်ပြောင်းပြီး ၄ ရက်မြောက်တဲ့နေ့မှာတော့ မိသားစုတိုင်း လေးငါးရက်စာ ဆန်ခွဲတမ်းကို ဝေမျှယူလို့ရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။

ရွာမှာ ဓါတ်စက်ရှိတာမို့ အမြင့်ဆုံးကုန်းထိပ်မှာ ဓါတ်စက်ထောင်ပြီး လူစုကြ ဆော်သြကြ၊ စည်းရုံးလှုံ့ဆော်ကြနဲ့ ဓါတ်စက်သံကတော့ ဆူညံနေခဲ့ပါတယ်။  ရွာမှာရှိတဲ့စက်လှေနှစ်စင်းနဲ့ ပြောတတ်ဆိုတတ်တဲ့ရွာသားသုံးလေးယောက်က စေတုတ္တရာမြို့ကို နေ့တိုင်းသွားပြီး ကူညီကယ်ဆယ်ရေးကားတွေကို အခြေအနေတွေရှင်းပြကြ ဆက်သွယ်ကြ အကူအညီတွေတောင်းကြပါတယ်။
 
ပွင့်တောက်ရွာဟာ စေတုတ္တရာနဲ့ အဝေးဆုံးရွာဖြစ်ပြီး တရွာလုံးပျက်စီးလို့ တရွာလုံးတောင်ပေါ်ပြောင်းနေကြရကြောင်း ရှင်းပြကြပါတယ်။ စေတုတ္တရာမြို့ခံ လူမှုရေးဝါသနာရှင် လူငယ်တချို့ရဲ့ အကူအညီနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရအောင်ရှာကြရပါတယ်။ အလှူခံလို့ရတဲ့ပစ္စည်းတွေကို စက်လှေတွေပေါ်တင်ပြီး ရွာပြန်ကြရပါတယ်။ စနစ်တကျခွဲတမ်းချပြီး ဝေကြချမ်းကြပါတယ်။ ဒီလိုနဲ့ တချို့အလှူရှင်တွေဟာ စက်လှေတွေငှားပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ပွင့်တောက်ရွာအထိ လာရောက်ကူညီလှူဒါန်းတဲ့အထိဖြစ်လာခဲ့ပါတယ်။

ကျနော်ကတော့ စေတုတ္တရာ ရေကြီးတဲ့အချိန်ကတည်းက ကူညီကယ်ဆယ်ရေးအလုပ်တွေကို ကိုယ်တိုင်လာရောက်လုပ်ကိုင်ရင်း စေတုတ္တရာအနီးအနား ရေဘေးဒဏ်သင့်ကျေးရွာတွေရဲ့သတင်း နေ့တိုင်းကြားနေရတာမို့ ပွင့်တောက်ရွာအကြောင်း သူများထက်ပိုပြီးနားစွင့်ထားခဲ့လို့ နောက်ဆုံးမှာ ကူညီကယ်ရေးသမားတချို့နဲ့အတူ ပွင့်တောက်ရွာကလေးကို ကိုယ်တိုင်လာရောက်ကူညီတဲ့အထိ လမ်းပေါက်ခဲ့တဲ့သဘောပါပဲ။

ရွာကို ညနေပိုင်းနေစောင်းမှရောက်ခဲ့တာဖြစ်တဲ့အပြင် လူတွေအားလုံး ခရီးအဆင့်ဆင့်လာခဲ့ရတာဖြစ်လို့ ပင်ပမ်းကြတာကြောင့် တချို့က ယာယီစာသင်ကျောင်းကလေးမှာ တချို့က ယာယီဘုန်းတော်ကြီးကျောင်း လုပ်ထားတဲ့တဲပေါ်မှာ လူခွဲပြီး အိပ်ကြပါတယ်။ ကျနော်ကတော့ ရွာခံတစ်ဦးနဲ့မိတ်ဆွေဖြစ်ပြီး စာသင်ကျောင်းနဲ့နီးတဲ့ တဲကလေးတစ်လုံးမှာ တဲရှင်မိသားစုနဲ့အတူ စုပုံထားတဲ့ ပစ္စည်းပစ္စယတွေကြား တိုးခွေ့ပြီး အိပ်ခဲ့ပါတယ်။ ထမင်းကိုလည်း ဖယောင်းတိုင်တစ်ချောင်းအလင်းရောင်အောက်မှာပဲ တဲရှင်ကျွေးတဲ့ ဗူးသီးဟင်းချိုနဲ့စားခဲ့ပါတယ်။ ခရီးကပမ်းတော့ စားပြီးပြီးချင်း စားတဲ့နေရာဘေးမှာ ခဏရယ်လို့တုံးလုံးလှဲလိုက်တာ မိုးလင်းကာနီးမှပဲ ပြန်နိုးပါတော့တယ်။

အိပ်ရာနိုးတဲ့အခါ နားထဲမှာပထမဆုံးကြားတဲ့အသံက အမိုးလုပ်ထားတဲ့ တာရပတ်စပေါ်တပေါက်ပေါက်ကျတဲ့ မိုးရေပေါက်အသံနဲ့ ဓါတ်စက်သံပါပဲ။ ဒီကနေ့ စေတုတ္တရာထွက်ရမယ့် စက်လှေဆရာနဲ့လိုက်ပါမယ့်သူတွေကို အော်ခေါ်နေတဲ့အသံကိုကြားရပါတယ်။ ဧည့်သည်တွေအတွက် ချက်ရပြုတ်ရမယ့် တာဝန်ကျသူတွေနဲ့ တရွာလုံး အိမ်ထောင်ဦးစီးကိုယ်တိုင် မနက်ရှစ်နာရီမှာ စာသင်ကျောင်းမှာလာရောက်စုဝေးကြဖို့ ဆော်သြောနေတဲ့အသံကိုကြားရပါတယ်။

ကျနော်က ဖေါ်ရွေလွန်းလှတဲ့မိသားစုကို ငွေ နှစ်သောင်း ကူညီလိုက်ပါတယ်။ မနေ့ညနေ တောင်ကုန်းပေါ်ရောက်ရောက်ချင်း အဆင်းရဲဆုံးအိမ်ဆယ်လုံးလောက် လိုက်ကြည့်အကဲခတ်ထားခဲ့ပြီး အဲဒီတဲအားလုံးကို ငွေနှစ်သောင်းစီ ကူညီဖို့စဉ်းစားထားခဲ့ပါတယ်။ ကျန်တဲ့ ငွေ ရှစ်သိန်းကိုတော့ တရုတ်နီရေစုတ်စက်ကြီးတစ်လုပ်ဝယ်ပြီး လှူဒါန်းဖို့ စဉ်းစားထားခဲ့ပါတယ်။

အိမ်ရှင်ခတ်ထားတဲ့ရေကို အားနာနာနဲ့မျက်နှာသစ်ပြီး စာသင်ကျောင်းကလေးဘက်ထွက်ခဲ့တော့ ရွာက အဆင်သင့်ပြင်ပေးထားတဲ့ ထမင်းဝိုင်းနဲ့တွေ့ရတော့တာပါပဲ။

ဒုက္ခတွေပင်လယ်ဝေနေကြတာဖြစ်လို့ ကျနော်တို့အတွက် တကူတက စားဖို့သောက်ဖို့ မစီမံကြဖို့ ညကတည်းက တောင်းပန်ထားတဲ့ကြားကပဲ မနက်အစောကြီးစာကို ရွာသားတွေက ဖွယ်ဖွယ်ရာရာ စီမံပြင်ဆင်ထားတာတွေ့ရတော့ ကျနော်တို့ဧည့်သည်အားလုံး အားတုံ့အားနာနဲ့ပဲ စားလိုက်ကြရပါတယ်။

စာသင်ကျောင်းထဲမှာ ရာအိမ်မှူးနဲ့တွေ့တော့ ရွာထဲက အဆင်းရဲဆုံးဆယ်အိမ်ကိုတော့ စည်းကမ်းကိုဖေါက်ပြီး ကျနော်က တ့အိမ်ကို ငွေနှစ်သောင်းစီ လှူခွင့်ပြုပါလို့ ခွင့်တောင်းရပါတယ်။ ရာအိမ်မှူးက သဘောတူခွင့်ပြုပါတယ်။ ကျနော်တို့ ကူညီကယ်ဆယ်ရေးအတူလာကြတဲ့ ပန်းချီဆရာအဖွဲ့ကလည်း စေတုတ္တရာမှာကတည်းက တိုင်ပင်ခဲ့ကြတာက ကူညီကယ်ဆယ်ရေးအနေနဲ့ ဘာပစ္စည်းများမလှူတော့ဘဲ အိမ်တိုင်းစေ့ ငွေသုံးသိန်းလောက်စီကူညီသွားကြဖို့ သဘောတူခဲ့ကြတာမို့ အားလုံး ပျော်ရွင်တက်ကြွနေကြတာတွေ့ရပါတယ်။

မနက်ရှစ်နာရီထိုးကာနီးတော့ ဓါတ်စက်နဲ့ အဆက်မပြတ်ဆော်သြပေးနေတဲ့ကြားကပဲ စာသင်ကျောင်းကလေးဆီ လူတွေရောက်လာကြပါတယ်။ တချို့ကလေး ဆရာဝန်ပါလာတယ်ကြားပြီး နေမကောင်းသူနဲ့သက်ကြီးရွယ်အိုတွေကို ထမ်းပိုးခေါ်ဆောင်လာတာတွေ့ရပါတယ်။ စာသင်ကျောင်းကလေးထဲမှာလူမဆန့်တော့ တချို့ ကျောင်းအပြင်ဘက်ကွက်လပ် မြေပေါ်မှာပဲထိုင်ကြပါတယ်။ မိုးမရွာတာကြောင့် တရွာလုံးနီးပါးရောက်လာနေကြသလား ထင်မိပါတယ်။ တချို့ ကလေးကိုယ်စီချီပြိီးရောက်လာကြပါတယ်။

ကဲ ဒီမှာတွင် ဒီကနေ့ ခဏရပ်နားကြရပါအုန်းမယ်။ နောက်နေ့ကြမှာ ဒုက္ခတွေပင်လယ်ဝေနေတဲ့ ရေဘေးဒဏ်ထိပွင့်တောက်ရွာကလေးအကြောင်း ဆက်ပါဦးမယ်။

လူငယ်များ ခရီးထွက်နိုင်ကြပါစေ။ ဒေသန္တရဗဟုသုတ ကြွယ်ဝနိုင်ကြပါစေဗျား။

 

 

Mizzima Weekly