တနင်္သာရီဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ကျွန်းစု၌ ဒေသခံများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

တနင်္သာရီဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ကျွန်းစု၌ ဒေသခံများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ကျွန်းစု၊ နိုဝင်ဘာ ၁၆ ။              ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ သည် နိုဝင်ဘာ ၁၅ ရက်နေ့က ကျွန်းစုမြို့နယ်ရှိ ဒေသခံများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် သွားရောက် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအတွင်းရှိ ကျွန်းရတနာခန်းမတွင် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲ ယအခမ်းအနား၌ ဒေသခံပြည်သူများမှ ကင်းမွန်မီးထွန်းလှေများနှင့် ကမ်းနီးငါးဖမ်းလှေ များသည်၊ လက်ရှိအစိုးရလက်ထက်တွင် ဥပဒေ တင်းကြပ်မှု များလာ၍ ဒေသခံ ရေလုပ်သားများ အလုပ်အကိုင် ရှားပါးလာခြင်းနှင့် အောက်ခြေ ရေလုပ်သားများ မကြာခဏ ဖမ်းဆီးခံနေရသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှန်မှန်ကန်ကန် စီစစ် ဖြေလျှော့ပေးဖို့ကို လိုအပ်နေကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံ ရေလုပ်သားများက အကြံပြု ဆွေးနွေးခဲ့သည်။


ထိုအပြင် စည်းကမ်းပျက် ကမ်းဝေးငါးဖမ်းရေယာဉ်များမှ ကမ်းနီး၌ မကြာခဏ ဝင်ရောက် ခိုးဆွဲနေခြင်းကြောင့် ကမ်းနီးရေလုပ်သားများသည်၊ ငါး/ ပုဇွန်များ ရှားပါးလာနေပြီး၊ သွားရောက် ဟန့်တားပါက ကမ်းနီးငါးဖမ်းရေယာဉ်ငယ်များ ရန်ပြုခံနေရ၍ အစိုးရအဖွဲ့မှ ကြပ်မတ်ဖမ်းဆီး အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

ဒေသခံများ၏ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး၊ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြန်လည် ဖြေကြား ရာမှာ“ကင်းမွန် မီးထွန်းလှေက မီးသုံးစွဲ တာနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာမှာလည်း ဒီအတိုင်းပဲ ကျင့်သုံးနေလို့ ကျွန်မတို့ ဖြေလျှော့ပေးလို့ မရပါဘူး။ ကမ်းဝေး ငါးလှေများသည်၊ ကမ်းနီးတွင် ဝင်ရောက် ခိုးဆွဲနေတာကို မှတ်တမ်းမှတ်ရာတွေနဲ့ ပတ်သက်ပြီး တင်ပြပါ၊ ကျွန်မတို့ တပ်မတော် ရေယာဉ်နှင့် ရေကြောင်း ရဲကို ပြပြီး စီစစ်ဆောင်ရွက်ခိုင်း ပေးမယ်”ဟု ပြောသည်။

ထို့နောက် ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ကျေးရွာအလိုက် လိုအပ််ချက်များ ဖြစ်သည့် ဆက်သွယ်ရေးကဏ္ဍ၊ ကျေးရွာ မီးလင်းရေး၊ ရွာချင်းဆက် လမ်းများ၊ ဆေးပေးခန်းများ၊ ကျောင်းဆောင်နှင့် ဆရာ/ ဆရာမများ၏ ဘော်ဒါဆောင်များတို့ကို ဖြည့်ဆည်းပေးရန် တောင်းဆိုခဲ့သည့်အပြင် ပင်လယ်ပိုင်း ရွာများသို့ သွားရောက်မှု နည်းပါးသည့် တိုင်းအစိုးရ အဖွဲ့သည် ဒေသခံများနှင့် လာရောက် တွေ့ဆုံရန် ဒေသခံ ပြည်သူများက လိုလားနေကြောင်း ရပ်/ ကျေး အုပ််ချုပ်ရေးမှူးများက တင်ပြ တောင်းဆိုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly