ပခုက္ကူတွင် ဆောင်ရွက်မည့် ရေနံချက်စက်ရုံဇုန် အတွက် ကုမ္ပဏီများ စတင်လျှောက်ထားနေ

ပခုက္ကူတွင် ဆောင်ရွက်မည့် ရေနံချက်စက်ရုံဇုန် အတွက် ကုမ္ပဏီများ စတင်လျှောက်ထားနေ

မကွေး၊ နိုဝင်ဘာ ၁၆ ။           ။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်အတွင်း ရေနံချက်စက်ရုံဇုန် ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီများ စတင်လျှောက်ထားနေကြောင်း မကွေးတိုင်းဒေသကြီး၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က  ပြောသည်။

ပခုက္ကမြို့နှင့် ၈ မိုင်ခန့်ဝေးသည့် စက်မှုသင်တန်းကျောင်းအနောက်ဘက်ရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာ ဧက(၂၀၀)ပေါ်တွင် ရေနံချက်စက်ရုံဇုန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်ဇော်ကပြောသည်။

"အခုဆိုရင်ရေနံချက်စက်ရုံလုပ်ကိုင်မဲ့ကုမ္ပဏီတွေက လျှောက်နေကြပါပြီ။ တစ်ချို့ကုမ္ပဏီတွေကလည်းစုံစမ်းမှုတွေ ရှိပါတယ်။ တရုတ်နိုင်ငံကကုမ္ပဏီကြီးတစ်ခုကလည်း လာရောက်စုံစမ်းနေပါတယ် ။ စိတ်ဝင်စားသူမှန်သမျှ လျှောက်လို့ရပါတယ်။ ပိတ်ပင်ထားတာ မရှိပါဘူး" ဟု ဝန်ကြီး ဦးမြင့်ဇော်ကဆိုသည်။

ရေနံချက်စက်ရုံလုပ်ကိုင်မည့်ကုမ္ပဏီငါးခုမှ တိုင်းအစိုးရထံ တရားဝင် လျှောက်လာကြောင်း၊ သို့သော် ကုမ္ပဏီတစ်ခုမှ ရေနံချက်ဖိုအဆင့်သာ လျှောက်လာသဖြင့် တိုင်းအစိုးရထံမှတွင် ဖြုတ်ချခဲ့ကြောင်း၊ ကျန် ကုမ္ပဏီလေးခု၏ လျှောက်ထားမှုများကိုပြည်ထောင်စုအစိုးရထံတင်ပြထားကြာင်း၊ နောက်ထပ် ကုမ္ပဏီနှစ်ခုမှလည်း တိုင်းအစိုးရ ထံလျှောက်ထားကြောင်း စုစုပေါင်း ရေနံချက်စက်ရုံတရားဝင်လျှောက်ထားသည့်ကုမ္ပဏီ(၆)ခုရှိကြောင်း ၎င်းကပြောသည်။

"ရေနံချက်စက်ရုံတစ်ရုံအတွက် မြေနေရာကို ပြည်ထောင်စုအစိုးရနဲ့ကုမ္ပဏီတွေ ဆွေးနွေးပြီး ရေနံချက်စက်ရုံ တစ်ရုံ အတွက်(၁၅)ဧကချပေးမှာပါ ။ တိုင်းဒေသကြီးအစိုးရကတော့မြေနေရာနဲ့လျှပ်စစ်မီးရရှိဖို့ ဆောင်ရွက်ပေးမယ်၊ ကျန်တဲ့နည်းပညာကတော့ ပြည်ထောင်စုအစိုးရကဆောင်ရွက်ပေးမှာပါ" ဟု ဝန်ကြီး ဦးမြင့်ဇော်ကဆိုသည်။

ရေနံလုပ်ငန်းလုပ်ကိုင်သူများက ရေနံချက်စက်ရုံများ မလည်ပတ်ခင်အချိန်တွင် ဒေသန္တရရေနံချက်ဖိုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ရေနံလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

"ရေနံချက်ဖိုအနေနဲ့ကတော့ မကွေးတိုင်းအတွင်းမှာ ခွင့်ပြုဖို့ အလားအလာမရှိဘူး။ ရေနံချက်ဖိုနဲ့ ရေနံချက်ရင် ထင်းနဲ့ ချက်ရတဲ့အတွက် သဘာဝပတ်ဝန်းကျင်ပြုန်းတီးနိုင်တယ်။ ရေနံချက်ဖိုကထွက်ရှိလာတဲ့ဓာတ်ဆီကလည်း အရည်အသွေးမမှီဘူး။ အရည်အသွေးမမှီတဲ့ဆီတွေ စျေးကွက်ထဲရောက်ရင် ပြည်သူတွေရဲ့စက်တွေပဲ ပျက်စီးမှာ၊ နောက်ဆုံးပြည်သူပဲ ခံရတဲ့အတွက်ကြောင့်ပါ "ဟု မကွေးတိုင်းဒေသကြီး၊ သဘာဝပတ်ဝန်းကျင်၊ သံယံဇာတ ၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကပြောသည်။

တိုင်းအတွင်းရှိ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်များက ထွက်ရှိသော ရေနံစိမ်းကုန်ကြမ်း တစ်ပေပါလျှင် မျှောစာအဖြစ် ကောက်ခံလျှက်ရှိသော ငွေကျပ် ၅ ထောင်အား ပေးဆောင်သည့်အပြင် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆက်လက် ကောက်ခံမည့် အခွန်များကိုလည်း ပေးဆောင်သွားမည်ဖြစ်၍ တစ်ပိုင်တနိုင် အသေးစား ရေနံချက်ဖို ချက်လုပ်ခွင့်ပြုပေးစေချင်ကြောင်း  ပြောသည်။

 " ကျွန်တော်တို့သဘောအရဆိုရင် ယာယီတော့ ခွင့်ပြုပေးသင့်တယ်ထင်ပါတယ်။ စီမံကိန်းက ဘယ်နေရာ အချိန်ကာလ ကုန်ကျစရိတ် ရင်းနှီးမြှပ်နှံမှုပမာဏ စက်ရုံတည်ဆောက်မှု ပုံစံ ကာလ တိတိကျကျမသိသေးပါဘူး။ ဖမ်းနေလို့လည်း ဒါက ပြီးမဲ့အလုပ် မဟုတ်ပါဘူး " ဟု ဦးသန့်ဇင်က ပြောသည်။

ရေနံလက်ယက်တွန်းမှ ထွက်ရှိသော ရေနံစိမ်း  စျေးနှုန်း ကျဆင်းနေသည်သာမက ရောင်းဝယ်မှုအပိုင်းတွင်လည်း ကျဆင်းနေသည့်အတွက် ကုန်ကြမ်းဖြစ်သော ရေနံစိမ်း ဆီ တစ်ပေပါလျှင် ယခင်ထက် နှစ်သောင်းကျပ် မှ သုံးသောင်းကျပ်အထိ ကျဆင်းနေလျှက် ရှိသည်။

ထို့အပြင် ယခု ကုန်ကြမ်းရေနံစိမ်းစျေးထက် ရေနံချက်ဆီ (ဖိုချက်ဆီ) စျေးနှုန်းကွာဟချက်သည် ကျပ် နှစ်သောင်း၊ သုံးသောင်းအထိ ကွာခြားရှိနေသော်လည်း ကုန်ကြမ်းရေနံစိမ်း တစ်ပေပါ ပေါက်စျေး လက်ရှိပေါက်စျေး ၉ သောင်းကျပ်အား ဝယ်ယူမည့်သူ မရှိကြောင်း ၄င်းက ရှင်းပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly