အစိုးရအဖွဲ့ဝင် နုတ်ထွက်မှုများ၊ ပါတီတွင်း ထိုးနှက်မှုများနဲ့ ဘရစ်ဇစ်အရေးက မလူးသာမလွန့်သာ ဖြစ်နေ

အစိုးရအဖွဲ့ဝင် နုတ်ထွက်မှုများ၊ ပါတီတွင်း ထိုးနှက်မှုများနဲ့ ဘရစ်ဇစ်အရေးက မလူးသာမလွန့်သာ ဖြစ်နေ
Photo: EPA

လန်ဒန်၊ နိုဝင်ဘာ ၁၆ ။            ။ အီးယူကနေ ဗြိတိန်နုတ်ထွက်မှု ဘရစ်ဇစ်အရေးမှာ အစိုးရအဖွဲ့ဝင်နှစ်ဦး နုတ်ထွက်ခြင်းနဲ့ ဝန်ကြီးချုပ်ရဲ့ ပါတီတွင်းကပါ ပြင်းထန်စွာ ဝေဖန်ထိုးနှက်မှုတွေ ဖြစ်ပွားပေါ်ပေါက်နေလျက် ရှိပါတယ်။

ဒါပေမယ့် ဘရစ်ဇစ်သဘောတူညီမှု မူကြမ်းကို ဘယ်ဂျီယံနိုင်ငံက ကြာသပတေးနေ့မှာ လက်သင့်ခံ လက်မှတ်ထိုးထားတဲ့ အနေအထားကြောင့်လည်း ဝန်ကြီးချုပ် ထရီဆာမေအတွက် ဘရစ်ဇစ်အရေးက မလူးသာ မလွန့်သာ ရှိနေရတာပဲ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အီးယူကနေ ဗြိတိန်နုတ်ထွက်မှု ဘရစ်ဇစ် ပဋိညာဉ်ကို ဝန်ကြီးတွေက ထောက်ခံကြောင်း ထရီဆာမေက မာန်ပါတက်ကြွစွာ ကြေညာလိုက်ပြီး နောက်တစ်နေ့ ကြာသပတေးနေ့မှာတော့ အစိုးရအဖွဲ့က နုတ်ထွက်မှုတွေ၊ ကွန်ဆာဗေးတစ်လွှတ်တော်အမတ်တွေရဲ့ အယုံအကြည်မရှိကြောင်း မဲပေးရန် စာတင်မှုတွေနဲ့ အတိုက်အခံတွေက ပြင်းပြင်းထန်ထန် ထိုးနှှက်တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဘရစ်ဇစ်အရေး စေ့စပ်ညှိနှိုင်းမှုတွေကို ဦးဆောင်နေတဲ့ ဘရစ်ဇစ်ဝန်ကြီး ဒေါမနစ်ရက်ဘ် နုတ်ထွက်ခြင်းနဲ့အတူ အဲဒီနေ့ ကြာသပတေးနေ့မှာ ထရီဆာမေရဲ့ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးတွေအားလုံးဟာ ဘရစ်ဇစ်အရေးမှာ တစ်သံတည်း ရှိနေတာ မဟုတ်ဘူးဆိုတာကို သိလိုက်ကြရတာပဲ ဖြစ်ပါတယ်။

ဒါအပြင် နောက်ထပ် အရေးပါတဲ့ ကက်ဘိနက်အဖွဲ့ဝင် နုတ်ထွက်မှုအဖြစ် အလုပ်အကိုင်နဲ့ ပင်စင်ရေးရာ ဝန်ကြီး မတ်ဗေးက ဘရစ်ဇစ်သဘောတူညီမှုဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရဲ့ ရလဒ်အဖြစ် ဂုဏ်ယူစရာ မဟုတ်ဘူး နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင်လည်း လွှတ်တော်ပြင်ပမှာ အီးယူကနေ ဗြိတိန်မနုတ်ထွက်ရေး တောင်းဆိုဆန္ဒပြမှုတွေလည်း ရှိနေသလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ထပ်မံခေါ်ယူ ကျင်းပဖို့ တောင်းဆိုတာတွေလည်း ရှှိပါတယ်။ ပြီးခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ရလဒ်အရ ဗြိတိန်ဟာ အီးယူကနေ ၂၀၁၉ မတ်လမှာ တရားဝင်နုတ်ထွက်ရမှာ ဖြစ်တဲ့အတွက် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုတွေမှာ ခုလို သဘောထားမညီမျှမှုတွေကြောင့် ဘရစ်ဇစ်အရေးဟာ မလူးသာ မလွန့်သာ ရှိနေတော့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly