အာဆီယံဥက္ကဌနေရာအား စင်ကာပူက ထိုင်းကို လွှဲပြောင်းပေး

အာဆီယံဥက္ကဌနေရာအား စင်ကာပူက ထိုင်းကို လွှဲပြောင်းပေး
Photo: EPA

စင်ကာပူ၊ နိုဝင်ဘာ ၁၆ ။             ။ အရှေ့တောင်အာရှနိုင််ငံများအသင်းကြီး အာဆီယံရဲ့ ဥက္ကဌ နေရာကို စင်ကာပူဝန်ကြီးချုပ်ဟာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ထံ ကြာသပတေးနေ့က နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအပြီးမှာ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

ဒီထိပ်သီးအစည်းအဝေး ပိတ်ပွဲမှာ အလှည့်ကျအာဆီယံဥက္ကဌအဖြစ် တာဝန်ယူရတဲ့ အထိမ်းအမှတ်သင်္ကေတဖြစ်တဲ့ သစ်သားတူကို ဝန်ကြီးချုပ်လီရှန်လွန်းက ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာထံ လွှဲပြောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

၂၀၁၉ အာဆီယံဥက္ကဌအဖြစ် လက်ခံရာမှာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်က အဖွဲ့ကြီးရဲ့ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးတိုးတက်မှုတွေကို ခိုင်ကျည်သော သစ္စာသမာဓိဖြင့် နှလုံးမူရင်း အပြန်အလှန် အကျိုးစီးပွားကို မျှော်ကိုးကာ ဖော်ဆောင်သွားမှာဖြစ်ကြောင်း ကတိကဝတ်ပြု ပြောဆိုပါတယ်။

အာဆီယံအနေနဲ့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေမှာ သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်နဲ့ နယူူးဇီလန်နိုင်ငံတွေနဲ့ ဒေသဆိုင်ရာ ဘုံစီးပွားရေး မိတ်ဖက်ပြုမှု RCEP ခေါ်တဲ့ လွတ်လပ််သော ကုန်သွယ်ရေးသဘောတူညီမှုတစ်ရပ် ဖြစ်ထွန်းလာရေး စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ဖို့လည်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

RCEP ဟာ ၂၀၁၂ ခုနှစ်က စတင်ပြီး စေ့စပ်ညှိနှိုင်းနေတဲ့ ကုန်သွယ်ရေးသဘောတူညီမှု ပဋိညာဉ်တစ်ရပ် ဖြစ်ပါတယ်။ ဒီပဋိညာဉ်ကို ၂၀၁၉ မှာ အဆုံသတ်နိုင်ရေး မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။

RCEP ကုန်သွယ်ရေး ပဋိညာဉ်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါ၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ တစ်ကမ္ဘာလုံး ဂျီဒီပီရဲ့ သုံးပုံတစ်ပုံကို လွှမ်းခြုံနိုင်မယ့် တစ်မိုးအောက်ထဲက တစ်ခုတည်းသော ကုန်သွယ်ရေးဇုန်ကို ဖော်ဆောင်မယ့် ပဋိညာဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags