နိုင်ငံရေးပါတီထောင်ခြင်းက ဒေါ်အောင်ဆန်းစုကြည် သဘောထားနှင့် မဆန့်ကျင်ဟု ဦးကိုကိုကြီး ဆို

နိုင်ငံရေးပါတီထောင်ခြင်းက ဒေါ်အောင်ဆန်းစုကြည် သဘောထားနှင့် မဆန့်ကျင်ဟု ဦးကိုကိုကြီး ဆို
း ပြည်သူ့ပါတီကို ဦးဆောင်တည်ထောင်ခဲ့သူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၈ခုနှစ်)။      ။ နိုင်ငံရေးပါတီ တည်ထောင်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် မဆန့်ကျင်ဘဲ သူမသဘောထားနှင့်အညီ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီကို ဦးဆောင်တည်ထောင်ခဲ့သူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားသည်။

၂၀၁၂ခုနှစ် ထောင်ကလွတ်ကာစက ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အိမ်ထောင်ပြုကြရန်နှင့် နိုင်ငံရေးလုပ်မည်ဆိုပါက တခြားပါတီများသို့ မဝင်ဘဲ ပါတီတစ်ခုခုထောင်ရန် သို့မဟုတ် သူမ၏ NLD ပါတီသို့ ဝင်ရန် ၎င်းတို့ကို မှာကြားခဲ့ကြောင်း ဦိးကိုကိုကြီးက ပြန်ပြောပြသည်။

“အဲ့တော့ ကျွန်တော် ၂ခုစလုံး လုပ်ခဲ့ပါတယ်။ တစ်ခုက ကျွန်တော် အိမ်ထောင်ပြုခဲ့ပါတယ်။ နောက်တစ်ခုကလည်း နိုင်ငံရေးလုပ်မယ်လို့ ပိုင်းဖြတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီထောင်ဖို့ လုပ်ခဲ့တာဟာ ဒီမိုကရေစီယုံကြည်တဲ့သူတိုင်းကလည်း ကြိုဆိုမယ့်ကိစ္စလို့ မြင်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်း လာရောက် ပေးပို့သည့် ဦးကိုကိုကြီးကို ကော်မရှင်ရုံးမှ ပြန်အထွက်တွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ပါတီကို ဦးဆောင်မည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ၂၃ဦး ပါဝင်ပြီး အသေးစိတ်ကို ထုတ်မပြောသေးဘဲ လာမည့် တနင်္ဂနွေနေ့ ရန်ကုန်တွင်ပြုလုပ်မည့် ပါတီရုံးချုပ်ဖွင့်ပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

ပြည်သူ့ပါတီအနေဖြင့် အထူးသဖြင့် တိုင်းရင်းသားပါတီများ၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်တည်ဆောက်ရေးပေါ်တွင် ယုံကြည်ချက်တူသည့် မိတ်ဖက်နိုင်ငံရေးပါတီများနှင့် ပူးပေါင်းရန် အသင့်ရှိနေပြီဖြစ်ကြောင်းလည်း ဦးကိုကိုကြီးက ပြောကြားသည်။

“သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ပြောနိုင်တာက မဟာမိတ်ပေါ်လစီကို ကျွန်တော်တို့ ကျင့်သုံးမယ်။ အထူးသဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ကျွန်တော်တို့နဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကတည်းကလည်း ရင်းနှီးတဲ့ မဟာမိတ်ဆက်ဆံရေးရှိခဲ့တဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ ဆက်ပြီးတော့ ထိန်းသိမ်းသွားမယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူ့ပါတီအနေဖြင့် ၂၀၁၇ နှစ်ကုန်ပိုင်းက ရှစ်လေးလုံးပါတီအမည်ဖြင့် မှတ်ပုံတင်လျှောက်ထားခဲ့သည်။ ကော်မရှင်က အမည်ပြောင်းရန် ညွှန်ကြားသဖြင့် ရှစ်လေးလုံးပြည်သူ့ပါတီဟူ၍ အမည်ပြောင်းလဲတင်ပြခဲ့သေ်လည်း ကန့်ကွက်မှုများရှိ၍ ပြည်သူ့ပါတီဟူ၍ ထပ်မံ အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

၈၈မျိုးဆက်များအပါအဝင် နိုင်ငံရေးမျိုးဆက်များ ပါဝင်မည့် ပြည်သူ့ပါတီကို ၂၀၁၈ခုနှစ်၊ ဩဂုတ်လ တတိယပတ်က ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly