အိမ်တွင်းလက်မှု ဝါးကုတင်၊ ဝါးကုလားထိုင်လုပ်ငန်းများ အရောင်းအဝယ်သွက်

အိမ်တွင်းလက်မှု ဝါးကုတင်၊ ဝါးကုလားထိုင်လုပ်ငန်းများ အရောင်းအဝယ်သွက်

သထုံ၊  နိုဝင်ဘာ ၁၅ ရက်။         ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အိမ်တွင်းလက်မှု ဝါးကုတင်၊ ဝါးကုလားထိုင်လုပ်ငန်းတို့ဖြင့် လက်မလည်နိုင်အောင် အဆင်ပြေစွာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရကြောင်း ဝါးလက်မှုလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

" စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ တစ်ခြား အရောင်းအဝယ်တွေ မလုပ်ဖြစ်ပါဘူး။ ဒီအလုပ်ပဲ လက်မလည်အောင် လုပ်နေရတာ"ဟု ဘီးလင်းမြို့နယ် သပြေနီကျေးရွာနေ ဝါးကုတင်၊ ဝါးကုလားထိုင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ ဦးကျော်အေးက ပြောသည်။

  "ဝါးနဲ့လုပ်ထားတဲ့  ကုတင်တွေ၊ ကုလားထိုင်တွေက မျက်စိအမြင်မှာ ကဗျာဆန် လှပသလို အအေးဓါတ်ကိုလည်း ပေးတယ်လေ။ အခုလို ပူတဲ့ နေ့ခင်းမှာ အပင်ရိပ်အောက်မှာပဲ ဖြစ်ဖြစ်၊ အရိပ်ရတဲ့ အိမ်ဘေး တစ်နေရာရာမှာပဲဖြစ်ဖြစ်၊ ဟိုရွှေ့ ဒီရွှေနဲ့ မြေကြီးပေါ် ဒီအတိုင်း ခင်းချပြီး အနားယူလို့ ရတယ်လေ"ဟု အိမ်အပြန်လမ်းကြုံတွင် ကုလားထိုင်ဝယ်ယူခဲ့သူ သထုံမှ ကိုနိုင်ဝင်းက ပြောသည်။

ယင်း ကုတင်၊ ကုလားထိုင်ပြုလုပ်ရာတွင် မည်သည့်ဝါးဖြင့်မဆို ပြုလုပ်နိုင်သော်လည်း အသားထူသည့် ဝါးပိုးဝါး ၊ မျက်ဆန်ကျယ်ဝါးများမှာ ပိုမိုခိုင်ခံ့မာကြောကြောင်း သိရသည်။ 

ယမန်နှစ်က ၎င်းဝါးများသည် လှည်းတစ်စီးလျှင် ၃၀၀၀၀ ကျပ် ရှိသော်လည်း ယခု နှစ်မှာမူ ၃၇၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ် အထိ ပေးဝယ်ရသော်လည်း ကုတင်၊ ကုလားထိုင်ဈေးမှာမူ ယမန်နှစ်ဈေး အတိုင်း ပုံမှန်ဈေးပင် ရှိသည်။

" ဝါးတွေက ရှားလာတယ်။ ဒီမှာ ဝယ်လို့ မလွယ်တော့ဘူး။ ညောင်ထောက်၊ ကရဝေး၊ ဆိတ်ကျောက်ဖိုတွေမှာ သွားမှာရတယ်။ ကုတင်၊ ကုလားထိုင်က မနှစ်ကဈေးပဲ။ ဝါးဈေးတော့ မြင့်သွားတယ်။ ဒါပေမယ့် ရောင်းအားက ရှိနေတော့ အဆင်ပြေပါတယ်"ဟု ဦးကျော်အေးက ဆိုသည်။

အဆိုပါ ဝါးဖြင့် အိမ်တွင်းလက်မှုလုပ်ငန်း လုပ်ကိုင်သူများသည် ဝါးကုတင်၊ ဝါးကုလားထိုင်၊ ကွင်းဘက် စားပွဲခုံများနှင့် ဆန်ကော၊ ဆန်ကာ၊ ပလိုင်း ၊ ဝါးနှီးခမောက်များကို ပြုလုပ်ကြပြီး သထုံ၊ ပေါင် မော်လမြိုင်၊ ကျိုက္ခမီ၊ ကျိုက်ထီးရိုးမှ ဖောက်သည်များနှင့် ခရီးသွားဘုရားဖူးများက နေ့စဉ်မပြတ် လာရောက် ဝယ်ယူကြလျက် ရှိကြောင်း ၎င်းလက်မှု လုပ်ငန်းရှင်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly