ဒုက္ခသည်များပြန်လာရေး အတားဆီးများနှင့် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဒေါက်တာဝင်းမြတ်အေး ပြော

 ဒုက္ခသည်များပြန်လာရေး အတားဆီးများနှင့် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဒေါက်တာဝင်းမြတ်အေး ပြော
Photo-AFP

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ။            ။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရေးအတွက် အတားဆီးများနှင့် ခြိမ်းခြောက်မှု များ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်သည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရ နှင့် ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

“ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်လေ။ ပူးပေါင်းပါဝင်လာရင်တော့ ဝင်လာမှာပေါ့။ အခုနက ပြောသလို လာချင်တဲ့သူကို သူတို့ကိုယ်တိုင် လာချင်တယ်။ ဆန္ဒရှိတဲ့သူတွေကို လာလို့ရအောင်ဆောင်ရွက်ပေးဖို့ လိုတယ်။ အခု သတင်းတွေ ကြားနေတာပေါ့။ သတင်းတွေပဲ ကြားနေတာ ကျွန်တော်တို့က။ ဘာသတင်းတွေကြားရလဲ ဆိုတော့ ဒီလိုမျိုး ဒုက္ခသည်စခန်းတွေမှာ ပြန်ချင်တယ်လို့ ပြောတဲ့သူဆိုရင် တားမြစ်တယ်။ ပုံစံဖြည့်ဖို့အတွက် သူတို့လက်ထဲမှာ ပုံစံတွေမရှိဘူး။ ပုံစံဖြည့်ခွင့်မရဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ ပြန်ချင်တယ်လို့ ပြောရင် အပြစ်ရှာ တယ်။ နှိပ်စက်ညှဉ်းပမ်းတယ်။ သတ်ပစ်တဲ့အထိ အဲ့ဒီဘက်တွေမှာ လုပ်နေတယ်။ အဲ့ဒါမျိုးတွေကြောင့်မို့လို့ သူတို့မှာ ပြန်လာချင်သော်လည်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ဟိုဘက်မှာခံစားနေတယ်။ ဒီဘက်ကို မယုံလို့ မလာချင်လို့ မဟုတ်ဘူး။ ယုံပြီး လာချင်တဲ့သူတွေ အများကြီးရှိတယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၅ ရက်မှ စတင်လက်ခံမည်ဟု မြန်မာဘက်မှ အတည်ပြုထားခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်း ၇ နာရီအထိ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးပေ။

ယနေ့ ညနေပိုင်းတွင် နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

ပြီးခဲ့သည့်နှစ် သြဂုတ်လခန့်က ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်စခန်းတွေ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့်သူများအနက်မှ ဘင်္ဂါလီဒုက္ခသည် ၂၂၀၀ ကျော်မှာ ပထမအသုတ်အနေဖြင့် ပြန်လည်ဝင်ရောက်လာမည်ဟု မြန်မာအစိုးရဘက်မှ ကြေညာထားသည်။

နှစ်နိုင်ငံ သဘောတူညီချက်အရ ယခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်က စတင်လက်ခံရန် ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ စီစစ်မှုများတွင် အချက်အလက် မပြည့်စုံမှုများကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်ဟု မြန်မာအစိုးရဘက်မှ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly